ရန်ကုန်မြို့လယ်ရှိ ဆောက်လက်စ အဆောက်အအုံတစ်ခုကို တွေ့ရစဥ်

၂၅.၁၀.၂၀၂၂

Written By A Thaung

အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (FATF) မှ မြန်မာနိုင်ငံအပေါ် ငွေကြေးဆိုင်ရာအမည်ပျက်စာရင်းသွင်းကြောင်း ကြေညာပြီးနောက်ရက်မှာပင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးနှစ်ဆတက်သွားပြီး ဆိုင်အများစု အရောင်းပိတ်ထားကြောင်း ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေက ပြောသည်။

အောက်တိုဘာ ၂၁ ရက် ညနေပိုင်း ကြေညာချက်ထွက်အပြီးတွင် ဒေါ်လာဈေးနှုန်း မတည်ငြိမ်မှုများနှင့် ပြည်ပမှပစ္စည်းဝယ်ယူရန် အခက်အခဲဖြစ်နိုင်သည့်အချက်များကြောင့် ဈေးမြင့်တက်သွားရပြီး အရောင်းပိတ်ထားကြခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးကန်ထရိုက်တာတစ်ဦးက ပြောသည်။

“ဖြစ်ဖြစ်ချင်းမှာပဲ ကျွန်တော်လိုတဲ့ပစ္စည်းတွေဝယ်တော့ ဆိုင်ရှင်က ဈေးတက်သွားပြီပြောတယ်။ ဒါနဲ့စရံချထားလိုက်မယ်ဆိုပြီး ငွေလွှဲလိုက်တယ်။ မနက်ရောက်တော့ အဲဒီဆိုင်ကပိတ်ထားတယ်။ ဖုန်းဆက်ကြည့်တော့ လေးသိန်းနဲ့ပြောထားတဲ့ပစ္စည်းက ခုနှစ်သိန်းခွဲလောက်ဖြစ်နေပြီပြောတယ်။ ကျန်တဲ့ဆိုင်တွေကိုဆက်ကြည့်တော့ ဖုန်းတွေစက်ပိတ်ထားကြတယ်” ဟု ၎င်းကပြောသည်။

အစိုးရ ရုံးပိတ်ရက် သုံးရက်နှင့်တိုက်ဆိုင်နေသဖြင့် အရောင်းပိတ်ထားခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေရှိပြီး ရုံးဖွင့်ရက်ငွေဈေးကို စောင့်ကြည့်နေကြကြောင်း ဆောက်လုပ်ရေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် အိမ်သုတ်ဆေး(သင်္ဘောဆေး)များဈေးမြင့်တက်လာပြီး သံနှင့် ဘိလပ်မြေဈေးပို၍မြင့်တက်လာနိုင်ကြောင်း မန္တလေးအခြေစိုက် ဆောက်လုပ်ရေးကန်ထရိုက်တာတစ်ဦးက ပြောသည်။

“ကျွန်တော် အိမ်တစ်လုံးအသစ်ဆောက်နေတော့ အဲဒီက ပါကေးခင်းဖို့လိုတယ်။ ကိုရီးယားပါကေး ဆယ်ကျင်းလောက်လိုတာ။ တစ်ကျင်းကို ၂၈၀၀၀၀ နဲ့ပြောထားတာ။ မိုးလင်းတော့ ဆိုင်က ဖုန်းတွေဘာတွေ ပိတ်ထားတယ်။ ဆိုင်ကိုလိုက်သွားတော့ လူတွေကရှိတယ်။ ပစ္စည်းဘောက်ချာလာဖြတ်တာလို့ပြောတော့ တစ်ကျင်းကို ၃၅၀၀၀၀ နဲ့ဝယ်လိုက်ရတယ်” ဟု ၎င်းကပြောသည်။

NT News မှ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်အချို့အား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ဖုန်းအများစုမှာ ဆက်သွယ်၍မရခဲ့ပေ။

“အခုက ဘာမှပြောလို့မရသေးပါဘူးရှင့်။ အချိန်တစ်ပတ်လောက်တော့ စောင့်ကြည့်ရမယ်။ အရောင်းပိတ်ထားတာကတော့ ကျွန်မတို့တော့မပိတ်ပါဘူး” ဟု တာမွေမြို့နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများရောင်းချနေသည့် ဆိုင်ရှင်တစ်ဦးက ပြန်လည်ဖြေဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးမြင့်တက်ခဲ့ပြီး ပြည်ပမှ အဓိကဝယ်ယူရောင်းချနေရသည့် သံ၊ ဘိလပ်မြေ၊ မှန်၊ အိမ်သုတ်ဆေးအမျိုးမျိုးအပြင် ပြည်တွင်းမှာပင်ထုတ်လုပ်နိုင်သည့် သဲနှင့် အုတ်ဈေးနှုန်းမှာလည်း နှစ်ဆမြင့်တက်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *