၅. ၇. ၂၀၂၃
Written by Tha Doe
ငွေကြေးဖောင်းပွမှု ဖိအားလျော့ကျလာမှုနှင့်အတူ မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၅ နိုင်ငံတွင် ကုန်ထုတ်လုပ်မှုများ တိုးတက်လာသည်ဟု အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်း (Manufacturing Purchasing Manager’s Index -ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း) တွင် ဖော်ပြထားသည်။
အာဆီယံ PMI နောက်ဆုံးဒေတာက ဇွန်လအတွင်း ဒေသတစ်ဝန်းက ထုတ်လုပ်မှ အခြေအနေများ အသင့်အတင့် တိုးတက်လာမှုကို ထောက်ပြနေသည်။ ထုတ်လုပ်မှုရော အော်ဒါအသစ်များပါ ဇွန်လတွင် တိုးလာခဲ့သည်။ သို့သော်လည်း စက်မှု ထုတ်လုပ်မှု ကြီးထွားလာမှုမှာ ခြောက်လအတွင်း အနိမ့်ဆုံးသို့ အားပျော့သွားချိန်တွင် စက်ရုံ အော်ဒါများမှာ မသိမသာ ပိုမြင့်သည့် နှုန်းဖြင့် တိုးတက်လာခဲ့ရာ အလားအလာများ ကွဲပြားလာခဲ့သည်။ ယင်းတစ်ချိန်တည်းတွင် ဒုတိယ သုံးလပတ်၏ အဆုံးပိုင်း၌ ပစ္စည်းပေးသွင်းမှ ပြီးဆုံးရန် ကြာမြင့်ချိန်များမှာ ထပ်မံလျော့ကျလာခဲ့လျက် ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားပေးမှုများမှာမူ ရှေ့ဆက် အားပျော့လာခဲ့သည်။
သို့သော်လည်း ထုတ်လုပ်မှုနှင့် စက်မှုကဏ္ဍထဲက အရောင်းများ အခိုင်အမာ ဦးမော့နေသည့် တိုင်အောင် ထုတ်လုပ်ရေး ကုမ္ပဏီများသည် အလုပ်နေရာများကို မြှင့်တင်မရခဲ့သည်မှာ လေးလဆက်တိုက် ဖြစ်လာသည်။
PMI လေ့လာမှုထဲ ပါဝင်ကြသည့် ခုနစ်နိုင်ငံအနက် ငါးနိုင်ငံက ဇွန်လတွင် စီးပွာရေး အခြေအနေများ တိုးတက်လာကြောင်း အစီရင်ခံကြသည်။ ဦးမော့မှုကို ရှေ့ဆုံးမှ ဦးဆောင်နေသူမှာ ထိုင်းနိုင်ငံဖြစ်သည်။ တိုးထုတ်လုပ်မှုနှုန်းမှာ (PMI ၅၃.၂) ခိုင်မာနေသော်လည်း ဧပြီလ၏ စံချိန်တင်နှုန်းမှ ရှေ့ဆက် ကျဆင်းလာခဲ့ပြီး ဇွန်လတွင် တိုးထုတ်လုပ်မှု ပိုအားပျော့လာမှုကို အချက်ပြနေသည်။
စင်ကာပူ (PMI ၅၂.၇) နှင့် အင်ဒိုနီးရှား (PMI ၅၂.၅) နိုင်ငံများကို ကြည့်ပါက ၎င်းတို့က တိုးထုတ်လုပ်မှုမှာ အသင့်အတင့် ရှိခဲ့သည်။ သို့သော်လည်း ယင်းနှစ်နိုင်ငံစလုံးထဲက ထုတ်လုပ်မှု တိုးလာသည့် နှုန်းမှာမူ အရှိန်ရလာခဲ့လျက် ခုနစ်လနှင့် နှစ်လအတွင်းမှာ အသီးသီး အားကောင်းစွာ ဦးမော့လာမှုကို ညွန်ပြနေသည်။ ထို့အပြင် ထိုနှစ်နိုင်ငံတို့ကသာလျှင် ဇွန်လတွင် ထုတ်လုပ်မှု ပိုအားကောင်းလာခြင်းကို မှတ်တမ်းတင်ခဲ့ကြသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစပြီး တွေ့မြင်ခဲ့ကြသည့်အတိုင်း ဖိလစ်ပိုင် ထုတ်လုပ်သူတို့သည် စက်မှုကဏ္ဍ၏ အခြေအနေများ ပိုကောင်းလာကြောင်းကို မှတ်တမ်း တင်ခဲ့ကြသည်။ သို့သော်လည်း ရာသီအလိုက် ချိန်ဆပေးထားသည့် အဓိကအညွှန်းကိန်း (PMI ၅၀.၉) မှာ လက်ရှိ အစဉ်ထဲတွင် ဒုတိယ အနိမ့်ဆုံးဖြစ်ပြီး ခြုံကြည့်လျှင် အသင့်အတင့် တိုးတက်မှုကို အချက်ပြနေသည်။
မြန်မာနိုင်ငံထဲက ထုတ်လုပ်ရေး ကုမ္ပဏီများသည်လည်း လုပ်ကိုင်မှု အခြေအနေများ မသိမသာ တိုးတက်မှုကို အစီရင်ခံကြသည်။ ဧပြီလရှိ စစ်တမ်း၏ စံချိန်တင် အမြင့်ဆုံးထက် များစွာမှ နိမ့်ကျသွားသော်လည်း အညွန်းကိန်းကို PMI ၅၀.၀ အထက်တွင် မှတ်တမ်းတင်ခဲ့ခြင်းမှာ နောက်ဆုံး သုံးနှစ်ကာလ အတွင်း လအများစုတွင် ကျဆင်းနေခဲ့သည့် စက်မှုကဏ္ဍအတွက် အပြုသဘော တိုးတက်မှု ဖြစ်ခဲ့သည်။
မလေးရှားနှင့် ဗီယက်နမ် နိုင်ငံများအတွက် အဓိကအကျဆုံး အညွှန်းကိန်းများသည် လုပ်ငန်း အခြေအနေများ ဆက်လက် ဆုတ်ယုတ်လာနေကြောင်းကို အချက်ပြနေပြီး ၎င်းတို့အသီးသီး အတွက် ဆယ်လမြောက်နှင့် လေးလမြောက် ဆက်တိုက်ကျဆင်းမှ ဖြစ်လာသည်။ မလေးရှား ထုတ်လုပ်သူတို့က ဇန်နဝါရီလမှစပြီး အမြန်ဆုံး (PMI ၄၇.၇) ဆုတ်ယုတ်မှုကို ပြသခဲ့ကြချိန်တွင် ဗီယက်နမ်နိုင်ငံ တစ်ဝန်းက ထုတ်လုပ်ရေးကုမ္ပဏီများကမူ လွန်ခဲ့သည့်လတွင် ထုတ်လုပ်မှု တဟုန်ထိုး ကျဆင်းမှုကို အစီရင်ခံမှုနောက်မှာ နိမ့်ကျမှုအရှိန် (PMI ၄၆.၂) ပိုနှေးလာမှုကို ညွန်ပြနေသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၈ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်းသို့ကျဆင်းကာ လာမည့်နှစ်တွင်လည်း ဆက်လက်ကျဆင်းမည့်အခြေအနေရှိနေသည်ဟုလည်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။ ထို့အတူ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍမှာလည်း နောက်ဆုံးသုံးနှစ်အတွင်း လစဥ်တိုးတက်နေသလို ပြီးခဲ့သည့်မတ်လကလည်း အာဆီယံဒေသအတွင်း ကုန်ထုတ်လုပ်မှု၌ မြန်မာနိုင်ငံက ၃၂ လအတွင်း အတိုးတက်ဆုံးအဖြစ် ထိပ်ဆုံးနေရာမှ ဦးဆောင်နိုင်ခဲ့သည်ဟုလည်း PMI ညွှန်းကိန်း (Manufacturing Purchasing Manager’s Index -ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း) တွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိတိုးတက်မှုအပေါ် S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က “ရှုပ်ထွေးနေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးနောက်ခံများအကြားမှာ မြန်မာ့ထုတ်လုပ်ရေး ကဏ္ဍဟာ ဇွန်လမှာ ရှေ့ဆက် တိုးထုတ်မှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အော်ဒါအသစ်တိုးရလာမှုက စက်မှုကဏ္ဍကို ပံ့ပိုးပေးခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံး PMI အညွှန်းကိန်း ၅၀.၄ မှာ ရှိနေခြင်းက ထင်ဟပ်ပြသနေတဲ့ အတိုင်းဆိုရင် ပစ္စည်းပေးသွင်းမှု ကန့်သတ်ချက်တွေက နောက်ကိုဆွဲနေချိန်မှာ ကုမ္ပဏီများဟာ ထုတ်လုပ်မှုကိုတိုးရန် လုံးပမ်းနေကြရပါတယ်။ အဲဒါ့အပြင် ဇွန်လဒေတာက အလုပ်နေရာများပါ တဟုန်ထိုး ကျဆင်းလာမှုကို ညွန်ပြနေပြီး ထုတ်လုပ်သူတို့အနေနဲ့ ဝန်ထမ်းတွေကို လုပ်ငန်းမှာဆက်လက်ထိန်းထားဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ဖြေကြားခဲ့သူ အများအပြားတို့က အလုပ်က နုတ်ထွက်မှုတွေကြောင့် အလုပ်သမား ဦးရေများ ထပ်ကျလာခဲ့ရခြင်းကို အစီရင်ခံကြတယ်။ ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားပေးမှုတွေက မေလနောက်ပိုင်းမှာ အားပျော့လာခဲ့ပေမဲ့ အားကောင်းလျက် ရှိနေဆဲပါ။ အနာဂတ်ကို လှမ်းကြည့် ခန့်မှန်းရရင် စိန်ခေါ်မှုများနေပြီး ယုံကြည်စိတ်က အသင့်အတင့်မျှသာ အကောင်းသဘောကို ဆောင်နေပါတယ်”ဟု နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ် ပြောကြားသည်။
