၄. ၇. ၂၀၂၃
Written By Thandar
အသံစွမ်းအားကောင်းတာကြောင့် ပရိသတ်အားပေးမှုများစွာ ရရှိလာတဲ့ အဆိုတော် နီနီခင်ဇော်က မိုးတွင်းရောက်လာပြီမို့ မိုးရာသီနဲ့ လိုက်ဖက်တဲ့ Rhythm Of The Rain အစီအစဥ်ကို နားဆင်နိုင်ဖို့ ပရိသတ်အတွက် ဖန်တီးပေးလိုက်တယ်လို့ ပြောပါတယ်။
“၂၀၁၉ ခုနှစ်လောက် လုပ်ထားတဲ့ သီချင်းတွေရှိတယ်။ အရင်ကလုပ်ထားတဲ့ အဟောင်းတွေကို နီနီရဲ့ YouTube Channel ကနေ တင်ပေးဖြစ်ပါတယ်။ ခု မိုးရာသီအတွက် နီတို့ Fan တွေနဲ့ မတွေ့ရတာကြာပြီမို့ တွေ့ပြီး Program လေးရိုက်ပေးထားပါတယ်။ နက်ဖြန်ဆိုတာ မသေချာတဲ့အချိန်မှာ မေတ္တာတွေအပြည့်ပေးမယ်။ အကောင်းဆုံးသီဆို ပြမယ်ဆိုတာပဲ တွေးပါတယ်။ မိုးညများကိုလည်း မိုးနဲ့ပတ်သက်တဲ့ ခံစားချက်တွေကို နီနီထည့်ရေးထားတယ်။ မိုးတွင်းရောက်ရင် သီချင်းအေးအေးလေးပဲ နားထောင်ချင်ကြလို့ Rhythm of The Rain ပရိသတ်အတွက် လုပ်ထားပါတယ်။ နီ ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးကိုလည်း ပရိသတ်ကို ချပြဦးမှာပါ”လို့ တေးသံရှင် နီနီခင်ဇော်က ပြောပါတယ် ။

သူမဟာ မကြာခင်မှာ “မိုးညများ” သီချင်းသစ်ထွက်ရှိသွားမှာပါ။ လက်ရှိ အိမ်မှာ ကြောင်အကောင်ရေ ၂၀ ကျော် မွေးထားတယ်လို့ သိရပြီး ခရီးတွေ ဆက်တိုက်ထွက်နေသလို အိမ်မှာ ရှိနေတဲ့အချိန်မှာလည်း ကြောင်တွေနဲ့ အတူ ဘဝကို ဖြတ်သန်းနေတယ်သိရပါတယ်။
Rhythm Of The Rain ကို ဇွန်လ ၂၅ရက် ည ၈ နာရီကလည်း Channel K ရုပ်သံလိုင်းကနေ ပရိသတ်အတွက် ပထမအကြိမ်တင်ဆက်ပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။

“ကြောင်တွေကတော့ အဓိက မိန်းပေါ့။ အိမ်မှာက အကောင် ၂၀ လောက်ရှိတယ်။ အရမ်းလည်း များနေ တော့ မေတ္တာမျှပေးရတာပေါ့။ ရောင်းဖို့ အစီအစဉ်မရှိပေမဲ့ လိုချင်တဲ့ သူတွေကိုတော့ မျှပေးဖို့အစီအစဉ်လေးရှိပါတယ်။ ကြောင်တွေဆီကတော့ အသံလေးတွေ ညောင်ဆိုတာလေးတွေက ကိုယ့်အတွက် Expression တစ်ခုရတော့ သူတို့ အသံလေးတွေဆို သီချင်းတွေထဲမှာ ထည့်ဆိုဖြစ်တယ်။ ကြောင်သံပေါ့ “လို့ သူမကဆက်ပြောပါတယ်။


