April 27, 2024

ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ဇွန်လ ၂၈ ရက်က ခိုရမ်ကျမ်းမိတ္တူတစ်စုံကို လူတစ်ဦးက မီးရှို့ဆန္ဒပြနေစဉ်။

၃၀. ၆. ၂၀၂၃
Translated by Htwe Ko Tun

ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့ ရှိ ဗလီတစ်ခု၏ အပြင်ဘက်တွင် ခိုရမ်ကျမ်းမိတ္တူတစ်စုံအား မီးရှို့ခဲ့မှုအပေါ် မကျေမနပ်ဒေါသဖြစ်နေကြသည့် အီရတ်နိုင်ငံတွင် ဩဇာလွှမ်းမိုးသော ရှီအိုက်ဘာသာရေးခေါင်းဆောင်နှင့် နိုင်ငံရေးခေါင်းဆောင် ဆာ့ဒ်(Sadr) ၏ ရာနှင့်ချီသော နောက်လိုက်များက ဘက်ဂဒက်မြို့ရှိ ဆွီဒင်သံ ရုံးကို ဇွန်လ ၂၉ ရက်က ဝင်ရောက်တိုက်ခိုက်မှုပြုခဲ့ကြကြောင်း သိရသည်။

အီရတ်လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ဆန္ဒပြသူတွေက ဆာ့ဒ်၏ပုံများနှင့် ၎င်း၏စစ်သွေးကြွအဖွဲ့ မာဒီ အဖွဲ့၏ အလံများကိုလွှင့်တင်ကိုင်ဆောင်ကာ ဆွီဒင်သံရုံးဝင်းအတွင်း ချိုးဖောက်ဝင်ရောက်လာကြသောကြောင့် ဆွီဒင်သံရုံးအတွင်းမှ လူများကို ကယ်တင်ခဲ့ရကြောင်း ပြောခဲ့သည်။ အချို့သော ဆန္ဒပြသမား အချို့ကလည်း LGBTQ+ Pride အဖွဲ့၏ အမှတ်တံဆိပ်ဖြစ်သော သက်တံ့အလံများကို မီးရှို့ခဲ့ကြသည်။

အီရတ်အာဏာပိုင်များက ထိုကဲ့သို့ ဆွီဒင်သံရုံးအား ဆန္ဒပြသမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ တရားဝင်ထုတ်ပြန်ကြေညာချက်တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပေ။

ဇွန်လ ၂၈ ရက်တွင် ဆွီဒင်မီဒီယာများ၌ ဒုက္ခသည်အဖြစ် ဖေါ်ပြကြသော လူတစ်ဦးက စတော့ဟုမ်းမြို့လယ်ရှိ အစ္စလမ်ဗလီတစ်ခုရှေ့တွင် ခိုရမ်ကျမ်းမိတ္တူတစ်ခုကို မီးရှို့ခဲ့ရာမှ အစ္စလမ်ကမ္ဘာတွင် မကျေမနပ်မှုများ ဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။အီရတ်လုံခြုံရေးတာဝန်ရှိသူက ထိုလူမှာယခင်က အီရတ်နိုင်ငံတွင် ရှီအိုက်မွတ်ဆလင် အများစုပါဝင်သော Popular Mobilizatio Forces တွင် ပါဝင်တိုက်ခိုက်ခဲ့ဖူးသူဟု ဆိုခဲ့သည်။

အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ်ထုတ်ပြန်ရာတွင် ဆွီဒင် သံအမတ်အား အီရတ် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ခေါ်ယူတွေ့ဆုံ၍ ‘ခိုရမ်ကျမ်းကို ထပ်ခါထပ်ခါ စော်ကားမှုများပြုလုပ်လာခြင်းအပေါ် မဖြစ်မနေလိုအပ်သည့်ဆောင်ရွက်ချက်များ ပြုလုပ်ရေးအတွက် ဆွီဒင်သမ္မတကို တောင်းဆိုခဲ့ကြောင်း၊ ခိုရမ်ကျမ်းကို မီးရှို့ခဲ့သူအား အီရတ်နိုင်ငံတွင် တရားစွဲနိုင်ရေး လွှဲပြောင်းပေးရန်လည်း တောင်းဆိုခဲ့ကြောင်း ဖေါ်ပြထားသည်။

ရှီအိုက်ဘာသာရေးခေါင်းဆောင် ဆာ့ဒ် ကမူ ဇွန်လ ၃၀ ရက်တွင် ဘက်ဂဒက်မြို့ရှိ ဆွီဒင်သံရုံးရှေ့၌ ထပ်မံဆန္ဒပြကြရန်တောင်းဆိုထားသည်။

Ref—-AP

အီရတ်နိုင်ငံ၊ ဘက်ဂဒက်မြို့ ရှိ ဆွီဒင်သံရုံးအား ဇွန်လ ၂၉ ရက် က ဆန္ဒပြသမားများ ဝင်ရောက် တိုက်ခိုက်စဉ်

Leave a Reply

Your email address will not be published. Required fields are marked *