April 27, 2024

၃၀. ၆. ၂၀၂၃
Written by Hey Mar

လူလေးဦးက တက္ကစီငှားစီးကာ ရိုက်နှက်လုယက်သွားတဲ့ ဖြစ်စဉ် လှိုင်သာယာ ရွှေလင်ဗန်း စက်မှုဇုန်မှာ ဇွန်လ ၂၉ ရက် ညနေက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လုယက်ခံရတဲ့ ကားမှာ Probox အဖြူရောင်ဖြစ်ကာ ကားနံပါတ် (AA – 9433) လို့သိရပါတယ်။ “ တက္ကစီ ယာဉ်မောင်းကိုအဲ့ဒီလူလေးယောက်က ဓါးနဲ့ထောက်ပြီး ခြိမ်းခြောက်တယ်ပြောတယ်။ နောက်တော့ ကြိုးနဲ့တုပ်ပြီး ကားနောက်ခန်းထဲကို ထည့်ထားတယ်။ ကားကိုတော့ သူတို့က ဆက်မောင်းသွားတယ်။ ပြီးတော့ လူရှင်းတဲ့နေရာရောက်မှ ယာဉ်မောင်းကို ကားပေါ်ချ ခေါင်းရိုက်ခွဲပြီး ခြုံထဲကိုပစ်ထားခဲ့တာ အနီးဝန်းကျင်က တွေ့လို့ သက်ဆိုင်ရာအဆင့်ဆင့် အကူအညီတောင်းပြီး ဆေးရုံပို့ပေးရတာပါ” လို့ လုယက်ခံရတဲ့ ပရိုဘောက်တက္ကစီယာဉ်ပိုင်ရှင်က MT News ကို ပြောပါတယ်။

ယာဉ်မောင်းကို သက်ဆိုင်ရာ စုံစမ်းမေးမြန်းမှုတွေပြုလုပ်နေပြီး လုယက်သူတွေရဲ့ ပုံပန်းသဏ္ဏာန်ကို စုံစမ်းမေးမြန်းတာတွေပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။ တက္ကစီ လုယက်မှုတွေက ဆက်တိုက်ဖြစ်ပွားနေပြီး ယခုနှစ်မတ်လကတည်းက နှစ်ပတ် သို့မဟုတ် ဆယ်ရက်လျှင် တစ်ကြိမ်နှုန်းခန့် ဖြစ်ပွားခဲ့တယ်လို့ သုံးသပ်လို့ရတဲ့ အခြေအနေလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ဒုတိယအပတ်အတွင်းက ကားလုယက်မှုကို မြောက်ဒဂုံရဲစခန်းမှ မြို့နယ်မှူးနဲ့အဖွဲ့က ဝိုင်းဝန်းဖမ်းဆီးခဲ့တာတွေလဲရှိခဲ့ပြီး ပရဟိတ ညီနောင်အသင်းတွေရဲ့ ချိတ်ဆက်ကူညီမှု၊ တက္ကစီ ယာဉ်မောင်းတွေရဲ့ စုစည်းမှုနဲ့ ဖမ်းဆီးရမိတာတွေရှိခဲ့ပေမယ့် ကားလုယက်ခံရတဲ့ ဖြစ်စဉ်တွေက ရပ်တန့်သွားတာမျိုး မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *