MT News

၂၉. ၆. ၂၀၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား KKO (ခွဲထွက်) အဖွဲ့နှင့် PDF များက ဇွန် ၂၈ ရက် ညနေပိုင်းတွင် လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း၌ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ဇွန် ၂၈ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် KKO(ခွဲထွက်)အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF များက အရှေ့မြောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်ခတ်သူ PDF များ ဆုတ်ခွာသွားခဲ့ပြီး အဆိုပါ PDF ပူးပေါင်းအဖွဲ့များ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များသည် ကော့ကရိတ်မြို့၊ အမှတ်(၂) ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး‌သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိကာ မော်တော်ဆိုင်ကယ် ၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်မှ ဒဏ်ရာရရှိသူများအား ကော့ကရိတ်မြို့၊ ပုလဲဖြူနာရေးကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် ခရိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *