MT News

၃၀. ၆. ၂၀၂၃

စစ်ကိုင်းမြို့နယ်ရှိ ကင်းတော်၊ ဥယျာဉ်၊ လက်ပံတောနှင့် စဉ့်ကိုင်ကျေးရွာများအနီးရှိ PDF များကို ချေမှုန်းရာ လက်နက်ခဲယမ်းများနှင့် အလောင်းများ ရရှိခဲ့သလို ထွက်ပြေးသူများကို ဆက်လက်တိုက်ခိုက်ရာမှ စမွန်းကျေးရွာအနီးတွင် လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

PDF များသည် စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာ၊ ဥယျာဉ်ကျေးရွာ၊ လက်ပံတောကျေးရွာနှင့် စဉ့်ကိုင်ကျေးရွာများအနီး ရောက်ရှိခိုအောင်းနေကြောင်း ဒေသခံပြည်သူအချို့၏ လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ချေမှုန်းခဲ့ရာ ဇွန် ၂၅ ရက်တွင် PDF အမည်ခံအကြမ်းဖက်သမားများထံမှ လက်နက်မျိုးစုံ ၄၂ လက်နှင့် ခဲယမ်း၊ ဗုံးသီး ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ဇွန် ၂၈ ရက်နံနက်ပိုင်းတွင် လက်နက်မျိုးစုံ ၁၂ လက်နှင့် ခဲယမ်း၊ ဗုံးသီး ဆက်စပ်ပစ္စည်းများအားလည်းကောင်း သိမ်းဆည်းရရှိခဲ့သည့် သတင်းများအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အထက်ပါဖြစ်စဉ်များမှ ဆုတ်ခွာထွက်ပြေးသွားခဲ့သော PDF အချို့သည် အခြား PDF အဖွဲ့များနှင့်ပူးပေါင်းကာ စမွန်းကျေးရွာအနီးရောက်ရှိ ခိုအောင်းနေကြောင်း ဒေသခံပြည်သူများ၏ ထပ်မံသတင်းပေးပို့ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်အစောပိုင်းတွင် အဆိုပါကျေးရွာသို့သွားရောက်၍ လုံခြုံရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်စဉ် ကျေးရွာဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ VAN နှင့် CANDA အမျိုးအစား မော်တော်ယာဉ် ၂ စီးပေါ်မှ ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၅ လုံးအပါအဝင် လက်နက်မျိုးစုံ ၃၉ လက်၊ ကျည်မျိုးစုံ ၅၉၀ တောင့်၊ ခဲယမ်း၊ ဗုံးသီးမျိုးစုံ ၃၀၄ လုံး၊ ဆက်စပ်ပစ္စည်းများနှင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *