၂၉. ၆. ၂၀၂၃
Translated by Htwe Ko Tun

ပြင်သစ်နိုင်ငံ၊ ပါရီမြို့၏ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သော နန်တာရီရပ်ကွက်အတွင်း ပြင်သစ်ရဲတပ်ဖွဲ့ဝင်တို့၏ ပစ်ခတ်မှုကိုအကြောင်းပြု၍ ပါရီနှင့် အခြားမြို့ကြီးများတွင် ဖြစ်ပွားခဲ့ရသော ဆန္ဒပြမှုများနှင့် အဓိကရုဏ်းများတွင် ဖမ်းဆီးထားရသူပေါင်း အနည်းဆုံး ၇၇ ဦးရှိသွားပြီဖြစ်ကြောင်း ပြင်သစ်ရဲတပ်ဖွဲ့၏ ပြောကြားချက်များကို ကိုးကား၍ ပြင်သစ်သတင်းစာ Le Figaro က ဇွန်လ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။

Nael M. ဟုသိကြသော အသက် ၁၇ နှစ်ရှိ ပစ္စည်းဖြန့်ချိရေးကားမောင်းနှင်သူ လူငယ်တစ်ဦးက ဇွန်လ ၂၇ ရက် တွင် ယာဉ်အသွားအလာကို စစ်ဆေးမှုပြုလုပ်နေကြစဉ်အတွင်း ရဲအရာရှိတစ်ဦး၏ စစ်ဆေးခံရန်ညွှန်ကြားချက်များကို ငြင်းဆိုရာမှ ပစ်ခတ်မှုဖြစ်ပွားကာ နေရာတွင်ပင်သေဆုံးခဲ့သည်။ အဆိုပါ ရဲ အရာရှိကို ဖမ်းဆီးထားရာ လူသတ်မှုဖြင့် တရားစွဲခံရဖွယ်ရှိသည်ဟုလည်း သိရသည်။

ဤကဲ့သို့ ပုံမှန်မဟုတ်သော ပစ်ခတ်မှုများက အမေရိကန်ပြည်ထောင်စုပြီးလျှင် ပြင်သစ်နိုင်ငံ၌ အဖြစ်အများဆုံးဟု လည်းဆိုကြသည်။ ဤသို့ပစ်ခတ်မှုအပေါ် မကျေမနပ်ဆန္ဒပြမှုများက ဇွန်လ ၂၇ ရက် ည‌နေပိုင်းတွင်ပင် နန်တာရီ၌ စတင်ဖြစ်ပွားခဲ့ရာ ပါရီမြို့၏အခြားသော ဆင်ခြေဖုံးဒေသများသို့လည်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ဆန္ဒပြမှုများက နေထိုင်သူအများအပြား ဆင်းရဲမှုအခြေအနေအတွင်း ခက်ခဲစွာရုန်းကန်နေကြရစေသည့် အိမ်ရာစီမံကိန်းစီမံချက်များ၊ အသားအရောင် အဆင့်အတန်း ခွဲခြားမှုများနှင့် ရဲတပ်ဖွဲ့အပေါ် မကျေနပ်မှုများပါ တစ်ချိန်တည်း ပွင့်အန်ထွက်လာခဲ့ကြခြင်း လည်း ဖြစ်သည်။

ဇွန်လ ၂၈ ရက် နံနက်တွင်မူ ဆန္ဒပြမှုများက အခြားသော ပြင်သစ်နိုင်ငံ မြို့ကြီးများတွင်လည်း အကြမ်းဖက်မှုများအသွင် ဖြစ်လာခဲ့ရာ အချို့နေရာများတွင် မီးရှို့ဖျက်ဆီးခံထားရသော ကားအပိုင်းအစများ၊ အမှိုက်များထွက်ကျ မှောက်လျက်ရှိသော အမှိုက်ပုံးများကို နေရာအများအပြားတွင် တွေ့ရှိခဲ့ရသည်။ အစိုးရက လုံခြုံရေးအဆင့်တင်းကျပ်မှုများကို ပါရီမြို့နှင့် အခြားမြို့ကြီးများ၌ ပြုလုပ်ခဲ့ရာ ဇွန်လ ၂၈ ရက်တွင် ရဲတပ်ဖွဲ့ ဝင် ၂,၀၀၀ ခန့်အထိ ချထားခဲ့သည်။ ဆန္ဒပြအဓိကရုဏ်းများအတွင်း ရဲအရာရှိ ၂၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Ref—–Tass, Los Angeles Times

Leave a Reply

Your email address will not be published. Required fields are marked *