၂၇. ၆. ၂၀၂၃
Written By Thandar

ဇွန်လ ၂၇ ရက်မှာ ကျရောက်တဲ့ “မြန်မာနိုင်ငံဂီတနေ့” အတွက် ရန်ကုန်မြို့ တာမွေမြို့နယ်က မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) မှာ မနက် ၁၀ နာရီကစ နာမည်ကြီး ဂီတသမား ဆိုကြ တီးကြ ပျော်ရွှင်ပွဲကျင်းပခဲ့ပါတယ်။

“မြန်မာပြည်မှာ နေ့ထူးနေ့မြတ်တွေ အများကြီးရှိကြတယ်လေ။ နေ့တွေအသီးသီးရှိတဲ့အထဲက ဦးတို့ရဲ့ ဂီတနေ့ရယ်လို့ သီးသန့်မရှိခဲ့ဘူး။ ဂီတစာဆို ကိုမောင်မောင်လေးက သူက နိုင်ငံတော်သီချင်းပေါ်တဲ့နေ့လေးကို ဆောင်းပါး တစ်ပုဒ်ရေးလိုက်တယ်။ “တို့ဗမာအစည်းအရုံး” က သီဆိုခဲ့တဲ့ ၁၉၃၆ ခုနှစ် ဇွန်လ ၂၇ရက် မြင်းခြံမှာ တို့ဗမာအစည်းအရုံး ညီလာခံမှာ ကျင်းပခဲ့တယ်။ ဒီသီချင်းကို နိုင်ငံတော်သီချင်းအဖြစ်သတ်မှတ်ခဲ့တယ်။ ဒီနေ့နဲ့ဆိုရင် ဂီတနေ့လို့ သတ်မှတ်တာ ၁၀ နှစ်ပြည့်ခဲ့ပါပြီ။ ပထမတော့ ၁၀ ပြည့်အထိမ်းအမှတ်အဖြစ် ဖျော်ဖြေပွဲကြီး ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် နိုင်ငံတော်အတွက် မိုခါရန်ပုံငွေကျင်းပခဲ့ရလို့ အကျဉ်းချုံးပဲ ကျင်းပဖြစ်ခဲ့တာပါ”လို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ဥက္ကဌ ဦးလွင်မြင့်က MT News ကိုပြောပါတယ်။

အဆိုပါ အခမ်းအနားကို အဆိုတော် သန်းထွန်းလေး၊ ကျော်စိုးဦး ၊ မောင်မောင်ထိပ် ၊ ခင်ညွန့်ညွန့်သန်း ၊ တက္ကသိုလ်လဲ့လဲ့ ၊ သီသီမာ ၊ ရီရီမင်း ၊ အိန္ဒြာမိုး စတဲ့ မြို့နယ် အသီးသီးက ဂီတပညာရှင်တွေ ကပြပြီး တေးသီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

“အမတို့က ပထမဂီတသက်တမ်းထဲက တာဝန်ထမ်းဆောင်ခဲ့တာ ၄ နှစ်ရှိပါပြီ။ နိုင်ငံတော် ခန့်အပ်တဲ့ ၁၅ ဦးထဲမှာလည်း အမတို့က ပြန်ပါလာတာပေါ့။ ဆောင်ပုဒ်အနေနဲ့ ဂီတစွမ်းအား ပြည်ထွန်းကားဆိုတဲ့အတိုင်း ကိုယ့်လောကသားတွေ အကုန်လုံး စုစုစည်းစည်းဖြစ်အောင် ဆောင်ရွက်ပါတယ်။ ဒီနေ့မှာ ကိုယ့်လောကသား အဆိုသမား အတီးသမားတွေ ပါဝင်ဆင်နွှဲခွင့်ရလို့ ပျော်ရွှင်ရပါတယ်။ အချိန်ကြာကြာ လူတွေစိတ်တွေ ကျဉ်းကြပ်နေတာဆိုတော့လေ ပျော်ကြပါတယ်”လို့ ဘဏ္ဏာရေးမှူး အဆိုတော် မသီသီမာ (ကာလပေါ်အလွှာ)က MT News ကိုပြောပါတယ်။

ဇွန်လ ၁ ရက်ကနေ ဇွန်လ ၂၆ ရက်အထိ မြန်မာနိုင်ငံအတွင်းရှိ တိုင်းနဲ့ပြည်နယ် အသီးသီးက ဂီတအစည်းအရုံးတွေမှာ ဂီ‌တနေ့လို့ သတ်မှတ်ပြီး တေးဂီတဖျော်ဖြေပွဲတွေ ကားနဲ့လှည့်လည်ဖျော်ဖြေတာတွေကို ကျင်းပခဲ့ပါတယ်။ ယနေ့ ဇွန်လ၂၇ ရက်မှာတော့ ဂီတအစည်းအရုံး ဗဟိုမှာ မြန်မာနိုင်ငံဂီတနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News