၂၇. ၆. ၂၀၂၃
Written by Peya

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး တိုက်ဖျက်ရေးနေ့ အဖြစ် မူးယစ်ဆေးဝါးများကို မီးရှို့သည့် အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူ ၃၀ ခန့် မူးမေ့လဲခြင်းများ ဖြစ်ခဲ့ကြောင်း တောင်ကြီးမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အခမ်းအနားကို ဇွန်လ ၂၆ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မူးမေ့လဲသူများမှာ အသက် ၁၃ နှစ်နှင့် ၁၄ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ အယောက် ၃၀ ခန့် ဖြစ်ကာ အများစုမှာ ကျောင်းသူများ ဖြစ်ပြီး ၁၃ ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ၎င်းက ဆိုသည်။

“ကလေးတွေက ရပ်တာ နည်းနည်း ကြာသွားတော့ မူးမေ့လဲတာပေါ့။ မနက်စာကိုလည်း စီစဉ်ပေးပေမယ့် ကလေးတွေက မစားဘဲ နေပူထဲ ရပ်တာ ကြာတော့ မူးမေ့လဲတာပါ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ကြက်ခြေနီ သူနာပြုတပ်ဖွဲ့က မူးလဲသူ အယောက် ၃၀ ကို ကနဦး ပြုစုပေးခြင်းကို ပြုလုပ်ပေးပြီး လိုအပ်သော လူနာ ၁၃ ယောက်ကို ဆေးရုံသို့ ပို့ပေးခဲ့ခြင်း ဖြစ်ကာ စတင် မူးမေ့ခြင်းမှာ မူးယစ်ဆေးဝါးများကို မီးမရှို့မီတွင်ကပင် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“အားနည်းလို့ မူးလဲတာလို့ ဆေးရုံက သိရတာပေါ့နော်။ ဆေးရုံကို ပို့ရတဲ့သူတွေ အားလုံးက မိန်းကလေးတွေပါ။ ယောကျာ်းလေးက သုံးလေးယောက်ပဲ ပါတယ်” ဟု တာဝန်ရှိသူက ဆိုသည်။

သို့သော် ထိုကဲ့သို့မူးလဲသူများအားလုံးပင် ယမန့်နေ့ ညနေပိုင်းတွင် အားလုံး ပြန်လည် သက်သာလာကြပြီ ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News