၂၇. ၆. ၂၀၂၃
Written by Pan Ei

ထိုင်ဝမ်နိုင်ငံက ခေါက်ဆွဲဆိုင်တွေဟာ တစ်မူထူးခြားတဲ့ ခေါက်ဆွဲပြုတ်တွေကို တီထွင်ဆန်းသစ်ရောင်းချလာတာတွေ အခုလပိုင်းအတွင်းမှာ များသထက်များလာခဲ့ပါတယ်။

အရင်လက ဂြိုလ်သားဟင်းလျာလို့ လူသိများခဲ့တဲ့ ပင်လယ်ရေအောက်သတ္တဝါ Isopod ခေါက်ဆွဲပြုတ်နဲ့ စတင်ခဲ့ပြီး အဲ့ဒီနောက်မှာ ဖားအကောင်လိုက်နဲ့ ခေါက်ဆွဲပြုတ်တွေ တီထွင် ရောင်းချခဲ့သလို အခုအခါမှာလည်း ဂေါ်ဇီလာ ခေါက်ဆွဲပြုတ်ဆိုပြီး ဆိုရှယ်မီဒီယာမှာ နာမည်ကြီးလာခဲ့ပြန်ပါတယ်။

ထိုင်ဝမ်နိုင်ငံ ရွန်လင်းခရိုင် ဒိုလျိုမြို့ရှိ Witch Cat ခေါက်ဆွဲဆိုင်က မီနူးသစ် ဂေါ်ဇီလာခေါက်ဆွဲပြုတ်ဆိုတာဟာ ဟင်းခတ်အမွှေးအကြိုင်အမျိုး ၄၀ နဲ့ ချက်ပြုတ်ထားတဲ့ မိကျောင်းခြေထောက်နဲ့ ခေါက်ဆွဲပြုတ်ပဲ ဖြစ်ပါတယ်။

ဖောက်သည်တွေဆီက အာရုံစူးစိုက်မှုရရှိအောင်ရှာဖွေရင်း ပိုပြီးထိတ်လန့်စရာကောင်းတဲ့ ခေါက်ဆွဲပြုတ်အမျိုးအစားတစ်ခုကို ထွက်ပေါ်လာစေခဲ့တဲ့ Witch Cat ခေါက်ဆွဲဆိုင်ပိုင်ရှင်က ထိုင်းခရီးစဉ်မှာ မိကျောင်းဟင်းချက်နည်းကို သင်ယူခဲ့ပြီး ဂေါ်ဇီလာခေါက်ဆွဲပြုတ် ချက်နည်းကို တီထွင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဂေါ်ဇီလာခေါက်ဆွဲပြုတ်အတွက် မိကျောင်းခြေထောက်တွေကို တိုင်တောင်မြို့ရှိ မိကျောင်းမွေးမြူရေးခြံက ရရှိတာဖြစ်တယ်လို့သိရပြီး တစ်နေ့ကို ခေါက်ဆွဲပြုတ်နှစ်ပန်းကန်အတွက်သာ ပါဝင်ပစ္စည်းတွေရရှိနိုင်တာကြောင့် စားချင်တယ်ဆိုရင်တော့ ကြိုတင်မှာယူထားဖို့ လိုအပ်ပါတယ်။

ဂေါ်ဇီလာခေါက်ဆွဲပြုတ် တစ်ပန်းကန်ကို ထိုင်ဝမ်ဒေါ်လာ ၁၅၀၀ (အမေရိကန်ဒေါ်လာ ၄၈ ဒေါ်လာ) မြန်မာငွေနဲ့ဆိုရင်တော့ ကျပ်တစ်သိန်းခွဲနီးပါး ကျသင့်မှာပဲ ဖြစ်ပါတယ်။ အကယ်၍များ အဆိုပါ ဟင်းပွဲကိုမစားဘဲ ဓာတ်ပုံရိုက်ဖို့ သီးသန့်မှာယူသူတွေကတော့ အစားအသောက် အလေအလွင့်ဖြစ်စေတာကြောင့် ထိုင်ဝမ်ဒေါ်လာ ၁၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

အဆိုပါခေါက်ဆွဲပြုတ်ဟာ အင်တာနက်ပေါ်မှာ လူတွေရဲ့ အာရုံစိုက်မှုကို ရရှိနေပေမဲ့ အခုအချိန်အထိ တုံ့ပြန်ချက်တွေမှာ ယေဘုယျအားဖြင့် အဆိုးတွေသာများနေပြီး “ရှက်စရာကောင်းတဲ့ စျေးကွက်ချဲ့ထွင်မှု” လို့ မှတ်ချက်ပေးခဲ့ကြသူတွေလည်း ရှိပါတယ်။

“ဒါက ကြောက်စရာပဲ။ ဘယ်သူက စားရဲမှာလဲ​။ ဒါကိုကြည့်ရုံနဲ့ ကြောက်စရာကြီး” လို့လည်း အင်တာနက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

Ref; Oddity Central

Leave a Reply

Your email address will not be published. Required fields are marked *