၂၇. ၆. ၂၀၂၃
Translated by Htwe Ko Tun

ပြည်ထောင်စုစော်ဘွားများသမ္မတနိုင်ငံ (ယူအေအီး)နိုင်ငံ၊ အက်ဂျ်မန်မြို့၌ ဇွန်လ ၂၇ ရက် နံနက်အစောပိုင်းနာရီများက လူနေအထပ်မြင့်အဆောက်အအုံတစ်ခု၌ မီးစတင်လောင်ကျွမ်းမှုဖြစ်ခဲ့ရာ အဆောက်အအုံတစ်ခုလုံးနီးပါးပင် ပျံ့နှံ့မီးလောင်ခဲ့ကြောင်း သိရသည်။

အက်ဂျ်မန်မြို့မီးလောင်မှု၌ ထိခိုက်ဒဏ်ရာရရှိမှုသတင်းများကို လောလောဆယ် မရရှိသေးကြောင်း နိုင်ငံအားအုပ်ချုပ်သည့် အာရပ်စော်ဘွားခုနှစ်ဦးအနက် တစ်ဦးက ပြောကြားခဲ့သည်။

အွန်လိုင်းပေါ်တွင် ထပ်မံတက်ရှိလာသော သတင်းများအရမူ ဇွန်လ ၂၆ ရက် ညနှောင်းပိုင်း၌ပင် မီးကစတင်လောင်ကျွမ်းနေသည်ဟုဆိုကြသည်။ အဆောက်အအုံတစ်ခုလုံးကိုပင် ဝါးမြိုလောင်ကျွမ်းနေသောမီးကို မီးသတ်တပ်ဖွဲ့ဝင်များလည်း ခက်ခက်ခဲခဲငြှိမ်းသတ်ခဲ့ကြရကြောင်း သိရသည်။

သတင်းများအရ အဆောက်အအုံအတွင်းမှ လူအများအပြားကို ကယ်တင်ခဲ့ရပြီး အချို့မှာ အသက်ရှူရာတွင် အဆင်မပြေသော ခံစားနေရမှုများရှိနေ၍ ကုသပေးခဲ့ရပြီး အချို့မှာမူ အသေးစားဒဏ်ရာများ ရရှိခဲ့ကြကြောင်းသိရသည်။

မီးက Ajman One အိမ်ရာဟုခေါ်သော အဆင့်မြင့်လူနေတာဝါ ၁၂ ခုရှိသည့် လူနေဝင်းအတွင်း လောင်ကျွမ်းခြင်းဖြစ်ပြီး ထိုအိမ်ရာဝင်းအတွင်း တိုက်ခန်းတွဲ ၃,၀၀၀ ခန့်ရှိကြောင်း သိရသည်။ မီးလောင်ကျွမ်းမှု၏ အကြောင်းရင်းကို မသိရှိရသေးသော်လည်း ယူအေအီးနိုင်ငံမှာ ရာသီဥတုပူပြင်းပြီး ညအချိန်များ၌ပင် အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ် (၉၅ ဒီကရီ ဖာရင်ဟိုက်) ခန့်ထက် အောက်ကျလေ့မရှိဘဲ မီးလည်းမကြာခဏ လောင်လေ့ရှိသည်။

Ref— The Namal

Leave a Reply

Your email address will not be published. Required fields are marked *