ယခုနှစ် မေလအထိ ခရီးသည် လေးသိန်းကျော် ဝင်ရောက်ထားပြီး ယမန်နှစ်ထက် တိုးတက်မည်ဟု မျှော်မှန်း

၂၇. ၆. ၂၀၂၃
Written by Peya

ယခုနှစ် မေလအထိ နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ခရီးသည် လေးသိန်းကျော် ဝင်ရောက်ထားပြီး ယမန်နှစ်ထက် တိုးတက်မည်ဟု မျှော်မှန်းကြောင်းနှင့် ရုရှားနိုင်ငံမှ နာမည်ကျော် ဘလော့ဂါများနှင့် ခရီးသွားလုပ်ငန်းများကိုလည်း မြန်မာနိုင်ငံသို့ လာရောက်ရန် Fan Trip တစ်ခု စီစဉ်ပေးမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးလှမြင့်က MT News သတင်းဌာနသို့ ပြောသည်။

နိုင်ငံတကာခရီးသွားဧည့်သည် ရောက်ရှိမှုအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ၀ ဒသမ ၂၃၃ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၇၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ၂၀၂၃ ခုနှစ်တွင် ပြီးခဲ့သည့် မေလအထိ ဝင်ရောက်မှုအနေဖြင့် ၄ သိန်းကျော်ရှိနေပြီး တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ အမေရိကန်၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်ဝမ်တို့မှ အများဆုံးဝင်ရောက်ခဲ့သည်ကို တွေ့ရှိရကြောင်း အဆိုပါ ဝန်ကြီးဌာနထံက သိရသည်။

“လက်ရှိ အခြေအနေအရ ကြည့်လိုက်မယ်ဆိုရင် ရာခိုင်နှုန်းတွေ အများကြီးတက်နေတာ ရှိတယ်လေ။ ဒီအခြေအနေအတိုင်း သွားမယ်ဆိုရင်တော့ တိုးတက်မှာပေါ့နော်” ဟု ဦးလှမြင့်က ပြောသည်။

လက်ရှိတွင် ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ရန်အတွက်လည်း “Welcome Russia” program in Myanmar အစီအစဉ်ကို ဆက်စပ်ဝန်ကြီးဌာနများ၊ မြန်မာ – ရုရှား ချစ်ကြည်ရေးအသင်းနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များဖြင့် အကောင်အထည်ဖော်နေပြီး ရုရှားနိုင်ငံမှ ခရီးသွားအေဂျင်စီများ၊ သတင်းမီဒီယာများနှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများပါဝင်သော ရင်းနှီးကျွမ်းဝင်သည့် ခရီးစဉ် (Familiarization Trip-FAM)ကို စီစဉ်ဆောင်ရွက်နေသည်။

“ရုရှားက အထင်ကရ ခရီးသွား Tour operator တွေ၊ နောက်ပြီးတော့ နာမည်ကျော် ဆိုရှယ်မီဒီယာတွေက ဘလော့ဂါတွေပေါ့နော်။ သူတို့ကိုလည်း ဖိတ်ဖို့ရှိတယ်။ Fan Trip ပေါ့နော်။ စက်တင်ဘာလလောက် ဖြစ်မယ်ထင်တယ်။ သူတို့ဆီက လူ ၃၀ ကို ဖိတ်ခေါပြီး ကျွန်တော်တို့ဆီက ခရီးစဉ်ဒေသတွေကို ပြသမယ်။ ပြသပြီးရင် အဲ့ဒါကို တစ်ဆင့်ပြန်ပြီး ရုရှားက ပြည်သူတွေကို မြန်မာပြည်က အလှအပတွေ အခြေအနေတွေကို ပြောပြမယ်ဆိုရင် တိုးတက်လာမှာပါ” ဟု ဦးလှမြင့်က ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News