MT News

Written by Hey Mar

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်ပြင်တို့တွင် ဖြစ်ပွားနေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ် (Depression) အဖြစ် အသွင်ပြောင်းလာကာ နောက် ၃ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်သဖြင့် မြန်မာနိုင်ငံတွင်လည်း မုန်တိုင်းအရှိန်ရိုက်ခတ် လာနိုင်သောကြောင့် ကမ်းနီးကမ်းဝေး ငါးဖမ်းသင်္ဘောများ ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် မိုးလေဝသနင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အောက်တိုဘာ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ဝင်ရောက်ခြင်းမရှိနိုင်သော်လည်း နောက် ၃ ရက်အတွင်း ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲလာနိုင်ကြောင်းနှင့် ၂၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်လာနိုင်​ပြီး မုန်တိုင်းငယ်၏ အရှိန်ကြောင့် အောက်တိုဘာ ၂၂ ရက်နေ့ မွန်းလွဲမှ ၂၆ ရက်နေ့ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။

အများပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် ကြိုတင်သတိပြုနိုင်ရန်၊ ဘေးလွတ်ရာသို့ အချိန်မီပြောင်းရွှေ့နိုင်ရန်နှင့် ဘေးအန္တရာယ်ကျရောက်လာပါက မီးသတ်ဦးစီးဌာနအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်ကြိုတင်ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဗဟိုမှ အသိပေးနှိုးဆော်ထားသည်။

ထို့​ပြင် ယနေ့ည​နေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ် (Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ ရောက်ရှိခဲ့ကာ၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်ဘက် ရေမိုင်(၁၆၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်တောင်ဘက် ရေမိုင်(၂၅၀)မိုင်ခန့်၊ သံတွဲမြို့(Thandwe)၏ အနောက်တောင်ဘက် ရေမိုင်(၃၅၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့(Port Blair)၏ အနောက်မြောက်ဘက် ရေမိုင်(၁၈၅)မိုင်ခန့်၊ ဆာဂါကျွန်း(Sagar Island)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၄၉၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဆောမြို့(Barisal)၏ တောင်ဘက် ရေမိုင်(၅၃၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *