ဝက်ဂ်နာတပ်ဖွဲ့များ မော်စကိုသို့ချီတက်ခြင်းက ရုရှားအစိုးရကိုဖြုတ်ချရန်မဟုတ်ဟု ပရီဂိုဇင် ပြော

၂၇. ၆. ၂၀၂၃
Translated by Htwe Ko Tun

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က ဝက်ဂ်နာအဖွဲ့ခေါင်းဆောင် ပရီဂိုဇင်ကို အမည်ပြောကြား ရည်ညွှန်းခြင်းမရှိသော်လည်း ရုရှားနိုင်ငံအတွင်း ပုန်ကန်မှုဖြစ်အောင် စီစဉ်ဆောင်ရွက်ခဲ့သူများက တိုင်းပြည်နှင့် လူမျိုးကို သစ္စာဖောက်ခြင်းသာဖြစ်ကြောင်း ဇွန်လ ၂၆ ရက် ညပိုင်းက တစ်နိုင်ငံလုံးသို့ ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားမှုတွင် ထပ်မံပြောကြားသွားခဲ့သည်။

သမ္မတပူတင်က ဝက်ဂ်နာတပ်ဖွဲ့၏ မအောင်မြင်သော ပုန်ကန်မှုပြုရန်ကြိုးစားမှုအပြီး လူထုရှေ့မှောက်သို့ ထွက်ရှိလာခဲ့ရာတွင် “ ရုရှားနိုင်ငံရဲ့ ရန်သူတွေက ရုရှားတပ်ဖွဲ့ဝင်တွေကို အချင်းချင်း သတ်ဖြတ်စေချင်နေကြတယ်။ အရပ်သားနဲ့ စစ်သားတွေအကြား သတ်ဖြတ်မှုတွေ ဖြစ်စေချင်နေကြတယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝန်းက တစ်ခါထဲပြိုကွဲပြီး သွေးစွန်းတဲ့ ပြည်တွင်းပဋိပက္ခအတွင်း ကျွန်တော်တို့နိုင်ငံကို မရှုနိုင်မကယ်နိုင်ဖြစ်စေချင်ကြတာပဲ” ဟုလည်း ပြောသွားခဲ့သည်။

ပူတင်က ဝက်ဂ်နာအဖွဲ့၏ မအောင်မြင်သောပုန်ကန်ခြားနားမှုအတွင်း ရုရှားလေယာဉ်မှူးများ ကျဆုံးခဲ့ရမှုကို အတည်ပြုခဲ့ပြီး ရုရှားနိုင်ငံအား ဆိုးရွားသောအကျိုးဆက်များမှ ကယ်တင်ခဲ့သော အဆိုပါလေယာဉ်မှူးများ၏ သတ္တိနှင့် အသက်စွန့်လွှတ်မှုတို့အား ဂုဏ်ပြုပါကြောင်းလည်း ပြောခဲ့သည်။

ဇွန်လ ၂၄ ရက်က ဖြစ်ပွားခဲ့သော တစ်ရက်ကြာပုန်ကန်မှုအတွင်း ရုရှားလေယာဉ်မှူး ၁၃ ဦးမှာ ၎င်းတို့လေယာဉ်များပစ်ချခံရမှုနှင့်အတူကျ ဆုံးခဲ့သည်။ ဝက်ဂ်နာ ကြေးစားအပျော်တန်းတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင်ကလည်း ၎င်း၏မအောင်မြင်သော ပုန်ကန်ရန်ကြိုးစားမှုအပြီးတွင် ပထမဆုံးအကြိမ်အဖြစ် Telegram App တွင် ထွက်ပေါ်လာခဲ့ကာ ၎င်း၏ တပ်ဖွဲ့များက ရုရှားအစိုးရကိုဖြုတ်ချရန် မော်စကိုသို့ချီတက်ခဲ့ခြင်းမဟုတ်ကြောင်း ဇွန်လ ၂၆ ရက်က ပြောခဲ့သည်။ ၎င်းက အသေးစိတ်မပြောကြားခဲ့သော်လည်း မတရားမှုတစ်ခုကြောင့် ဤသို့ မော်စကိုသို့ ချီတက်ရန်ဆောင်ရွက်ခဲ့ခြင်းဟုဆိုသည်။

ဝက်ဂ်နာ တပ်ဖွဲ့များက မော်စကိုမြို့သို့ ဦးတည်လျက် ကီလိုမီတာ ၂၀၀ ခန့် ချီတက်ခဲ့အပြီးတွင်မူ ဘီလာရုစ် သမ္မတ၏စေ့စပ်မှုအရ ပရီဂိုဇင်က သွေးထွက်သံယိုတိုက်ပွဲများကို ရှောင်ရှားကာ ၎င်း၏တပ်ဖွဲ့များကို ပြန်လှည့်ရန်အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဘီလာရုစ်နိုင်ငံသမ္မတ အလက်ဇန်းဒါး လူကာရှန်ကို၏စေ့စပ်ချက်ဖြင့် ရရှိခဲ့သော သဘောတူညီမှုအရ ဝက်ဂ်နာတပ်ဖွဲ့များက ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် စာချုပ်လက်မှတ်ထိုးရန်(သို့မဟုတ်) ၎င်းတို့လိုလားပါက ဘီလာရုစ်နိုင်ငံသို့ပြောင်းရွှေ့ရန် ရွေးချယ်နိုင်ကြမည်ဟုလည်း သိရသည်။

အသက် ၆၂ နှစ်ရှိ ဝက်ဂ်နာ တပ်ဖွဲ့အကြီးအကဲ ပရီဂိုဇင် က သမ္မတပူတင်နှင့်လည်း ကြာရှည်လှပြီဖြစ်သော ဆက်သွယ်ရင်းနှီးမှုရှိခဲ့သူဖြစ်ကာ ၎င်းအတွက် အကျိုးအမြတ်များစွာရှိစေမည့် ရုရှားတပ်မတော်အတွက် စားနပ်ရိက္ခာများထောက်ပံ့ရေးသဘောတူစာချုပ်များကို ရုရှားအစိုးရနှင့်ပြုလုပ်ခဲ့သည်။ ထို့ကြောင့်လည်း ၎င်းအား ‘ပူတင် ၏ စားတော်ကဲ’ ဟုပင် အမည်ပြောင်ခေါ်ခဲ့ကြသည်။

ပရီဂိုဇင်က ဝက်ဂ်နာကြေးစား အပျော်တန်းတပ်ဖွဲ့အားး ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကာ ယခုအခါစုစုပေါင်း အင်အား ၅၀,၀၀၀ ခန့်ရှိပြီး အများစုမှာ အကျဉ်းသားများဖြစ်ကြောင်းလည်း သိရသည်။ သို့ဖြစ်၍လည်း ဝက်ဂ်နာ တပ်ဖွဲ့ဝင်များက အကယ်၍ ဘီလာရုစ်နိုင်ငံသို့ ရောက်ရှိလာနိုင်မည်ဆိုခြင်းကို ယခုအခါ ယူကရိန်းနှင့်တကွ နေတိုး အဖွဲ့ဝင်နိုင်ငံများက စိုးရိမ်တကြီးဖြစ်နေရကြောင်းသတင်းများက ဆိုသည်။

Ref—- The Guardian, Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *