၂၇. ၆ .၂၀၂၃
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်း ရှုခင်းသာလမ်းမကြီး ခိုင်ရွှေဝါမှတ်တိုင်နဲ့ ဓမ္မာရုံမှတ်တိုင်ကြားမှာ ဒီနေ့ ဇွန်လ ၂၇ ရက်နေ့ မနက်အစောပိုင်းက အသက်(၂၀)ဝန်းကျင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေ​တယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ က MT News ကို ပြောပါတယ်။

ဖြစ်စဥ်မှာ လဲကျသေဆုံးသူ အမျိုးသားက ဘယ်သူ ဘယ်ဝါဆိုတာ မသိရှိရသေးဘဲ မနက် ၄ နာရီဝန်းကျင်လောက်မှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ရုပ်အလောင်းတစ်ခု လာရောက်သယ်ဆောင်ပေးဖို့ ခေါ်ယူတာကြောင့် သွားရောက် ဆောင်ရွက်ခဲ့ရတာလို့ သာကေတ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက အခုလို ပြောပြပါတယ်။

သူက “ရဲမှုခင်းဖြစ်နေတော့ ကျွန်တော်တို့တွေ သေသေချာချာတော့ မသိဘူး။ အသ-တ်ခံရတယ်လို့ ယူဆရတယ်လို့တော့ သက်ဆိုင်ရာက ပြောသံကြားပါတယ်။ အလောင်းကလည်း ပြတ်ရှဒဏ်ရာတွေ ကြီးတော့ ဓားခုတ်ခံရသလိုပါပဲ။ ညာမေးစေ့အောက်နဲ့ လည်ပင်းအထက်က ဒဏ်ရာဆို အတော်ကြီးပါတယ်။ ကျွန်တော်တို့ မြင်ရသလောက်တော့”လို့ ဆိုပါတယ် ။

သက်ဆိုင်ရာနဲ့ အများပြည်သူတွေက ဆက်သွယ်လာတဲ့အတွက် သာကေတမြို့နယ်အတွင်းက လူမှုကူညီရေးအဖွဲ့ တချို့ အချိန်နဲ့တစ်ပြေးညီ ထွက်ခွာကူညီခဲ့ကြပြီး အဆိုပါ အမျိုးသားရဲ့ ရုပ်အလောင်းကို အောင်နိုင်သူလူမှုကူညီရေးအသင်းကားနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *