ကမ္ဘာကျော် ဘဏ္ဍာရေးလုပ်ငန်း JP Morgan က ဘီလျံနာ James Crown ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်

၂၇. ၆. ၂၀၂၃
Written by Pan Ei

ကမ္ဘာ့ထိပ်တန်း ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ JPMorgan Chase ရဲ့ သက်တမ်းအကြာဆုံး ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့အပြင် စီးပွားရေးလုပ်ငန်းများစွာမှာ ခေါင်းဆောင်မှုအခန်းကဏ္ဍက လုပ်ဆောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် ဘီလျံနာ James Crown ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာ ပြိုင်ကားမောင်းရင်း ယာဉ်မတော်မဆမှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ချီကာဂိုရဲ့ အချမ်းသာဆုံး မိသားစုတွေထဲက တစ်ခုဖြစ်တဲ့ Henry Crown & Co. ရဲ့ ဥက္ကဋ္ဌ James Crown ဟာ သူ့ရဲ့ အသက် ၇၀ ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန်လ ၂၅ ရက်(တနင်္ဂနွေနေ့) မှာပဲ သူ့ရဲ့ပြိုင်ကားဟာ ကော်လိုရာဒို၊ ပြိုင်ကားကွင်း Aspen Motorsports ပန်းခြံမှာ ချထားတဲ့ အတားအဆီးတွေနဲ့ တိုက်မိခဲ့တာဖြစ်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

James Crown ဟာ ချီကာဂိုမှာ နေထိုင်ပေမဲ့ Colorado ကို မကြာခဏလာရောက်လည်ပတ်တတ်သူဖြစ်ပြီး လက်ရှိမှာ အဆိုပါ မတော်တဆမှုကို ဒေသဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

Forbes မဂ္ဂဇင်းက James Crown မိသားစုရဲ့ ကြွယ်ဝမှုဟာ ၂၀၂၀ ပြည့်နှစ်မှာ ဒေါ်လာ ၁၀ ဒသမ ၂ ဘီလီယံရှိမယ်လို့ ခန့်မှန်းထားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က James Crown ကွယ်လွန်မှုအတွက် “(သူဟာ) လူကောင်းတစ်ယောက်၊ ချစ်လှစွာသော မိတ်ဆွေတစ်ယောက်၊ ထူးခြားကောင်းမွန်တဲ့ အမေရိကန်တစ်ယောက်” လို့ ခေါ်ဆိုကာ ဝမ်းနည်းမှုကို ပြသခဲ့ပါတယ်။

James Crown ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ကို ဂုဏ်ပြုတဲ့ အိမ်ဖြူတော် ညစာစားပွဲကိုလည်း တက်ရောက်ခဲ့ပါသေးတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *