ပိုလန်တပ်ဖွဲ့ဝင်များ ဘီလာရုစ်နိုင်ငံနှင့် နယ်စပ်တွင် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေသည်ကို တွေ့ရစဉ်

၂၆. ၆. ၂၀၂၃

Translated by Htwe Ko Tun

ရုရှားနိုင်ငံမှ ဝက်ဂ်နာ ကြေးစားအပျော်တန်းတပ်ဖွဲ့ ခေါင်းဆောင် ပရီဂိုဇင်၏ မအောင်မြင်သော တပ်တွင်းပုန်ကန်မှုပြုရန် အားထုတ်ချက်အပြီးတွင် ဘီလာရုစ်နိုင်ငံ၌ လာရောက်ခိုလှုံနေမှုကြောင့် ပိုလန်နိုင်ငံနှင့် ရုရှား၊ ဘီလာရုစ်နိုင်ငံတို့နှင့် ထိစပ်နေသော နယ်နိမိတ် တစ်လျှောက်တွင် လုံခြုံမှုရှိစေရေး ပိုလန်နိုင်ငံက ခံစစ်လိုင်းခိုင်မာအောင် စတင်ဆောင်ရွက်နေကြောင်း ပိုလန်နိုင်ငံ ဝန်ကြီးချုပ် Mateusz Morawiecki က ပြည်တွင်းရုပ်မြင်သံကြားမှ ပြောကြားလိုက်သည်။

ရုရှားနိုင်ငံတွင် လက်နက်ကိုင်ပုန်ကန်မှုဖြစ်စေရန် အားထုတ်ခဲ့ခြင်း၏ နောက်ဆက်တွဲဖြစ်ရပ်များကို ပိုလန်အစိုးရက အနီးကပ်သေချာစွာ စောင့်ကြည့်နေကြောင်း၊ ဘီလာရုစ်နိုင်ငံနှင့် ရုရှားနိုင်ငံ၏ ကာလင်နင်ဂရက်ဒေသတို့နှင့် ပိုလန်နိုင်ငံအကြား နယ်စပ်မျဉ်းပေါ်တွင် ပိုလန်တပ်ဖွဲ့များကို ပိုမိုခိုင်မာအောင်ချထားလျက်ရှိကြောင်းလည်း ၎င်းကပြောခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင်မှုမှာ ရုရှားဘက်က ဖြစ်လာနိုင်ဖွယ်ဆောင်ရွက်မှုများကို တုံ့ပြန်ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း နယ်စပ်တစ်လျှောက်တွင် ပိုလန်ဘက်က နယ်စပ်အတားအဆီးများကိုလည်း တိုးမြှင့်ချထားလျက်ရှိကာ တစ်ဖက်ရန်သူအနေဖြင့် နယ်စပ်ကိုဖြတ်ကျော်လိုပါက လက်နက်ကြီးများနှင့် တိုက်ခိုက်ထိုးဖောက်မှရနိုင်မည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။

ထို့ပြင် ပိုလန်ဝန်ကြီးချုပ်က နေတိုးအဖွဲ့မဟာမိတ်များနှင့်အတူ အခြေအနေပြောင်းလဲမှုများကို စောင့်ကြည့်သုံးသပ်နေကြောင်း၊ ရုရှားသမ္မတပူတင်နှင့် ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုတို့က ပုံမှန်မဟုတ်သည့် ထူးထူးခြားခြားလုပ်ရပ်များကို ပြုလုပ်တတ်ကြကြောင်းလည်း ပြောခဲ့သည်။

ရုရှားနိုင်ငံတွင် ဇွန်လ ၂၃ ရက်က ဝက်ဂ်နာတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင်က ပုန်ကန်ခြားနားရန် ကြိုးစားခဲ့ပြီးနောက် ဘီလာရုစ်သမ္မတ၏ ကြားဝင်စေ့စပ်ပေးချက်အရ ၎င်း၏ပုန်ကန်မှုအဆုံးသတ်ကာ ပရီဂိုဇင်က ဘီလာရုစ်တွင် ခိုလှုံနေထိုင်ခွင့်ရခဲ့သည်။ သို့သော် ရုရှားသမ္မတပူတင်၏ အနီးကပ်ဆုံးလူယုံတစ်ဦးလည်းဖြစ်သော ပရီဂိုဇင်က ဘီလာရုစ်သို့ရောက်ရှိလာခြင်းအား နေတိုးအဖွဲ့ဝင်နိုင်ငံများက သံသယဖြစ်ကာ စောင့်ကြည့်လျက်ရှိကြသည်။

အချို့ကလည်း ပရီဂိုဇင်၏ ပုန်ကန်မှုပြုရန်ကြိုးစားမှုပြုခဲ့ခြင်းက ရုရှားသမ္မတပူတင်၊ ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနှင့် ၎င်းတို့အကြား လက်ဝါးချင်းရိုက် အကွက်ဆင်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားလျက်ရှိကြသည်။

Ref—-myc.news, Sputnik Radio

Leave a Reply

Your email address will not be published. Required fields are marked *