၂၆. ၆. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဆန်အန်တိုနီယိုမြို့ နိုင်ငံတကာလေဆိပ်တွင် လေဆိပ် အလုပ်သမားတစ်ဦးမှာ လေယာဉ်တစ်စီး၏ အင်ဂျင်အတွင်းသို့ကျကာ သေဆုံးခဲ့ရမှု ဇွန်လ ၂၃ ရက်တွင်ဖြစ်ပွားခဲ့ရာ ၎င်းအမှုအပေါ် အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဇွန်လ ၂၃ ရက်က Delta လေကြောင်းလိုင်းမှ ပျံသန်းမှုအမှတ်စဉ် 1111 ဖြင့် လော့စ်အိန်ဂျယ်လီးစ်မြို့မှ ဆန်အန်တိုနီယိုမြို့ နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာသော လေယာဉ်တစ်စီးမှာ လေယာဉ်အင်ဂျင်စက် တစ်လုံးတည်းဖြင့် မြေပြင်၌ ဂိတ်ရှိရာသို့ရွေ့သွားနေစဉ် ည ၁၀နာရီ ၂၅ မိနစ်အချိန်၌ လေဆိပ်ဝန်ထမ်းတစ်ဦး လေယာဉ်အင်ဂျင်အတွင်း ကျရောက်ကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အမျိုးသားသယ်ယူပို့ဆောင်ရေး လုံခြုံစိတ်ချရမှု ဘုတ်အဖွဲ့က ဇွန်လ ၂၄ ရက် ညနေပိုင်းက ပြောခဲ့သည်။

လုံခြုံစိတ်ချရမှု ဘုတ်အဖွဲ့က အဖြစ်အပျက်နှင့်ပတ်သက်၍ အချက်အလက်အသေးစိတ် စုဆောင်းနေကြောင်းလည်း ပြောခဲ့သည်။

လေဆိပ်ပြောရေးဆိုခွင့်ရှိသူက ဆန်အန်တိုနီယိုမြို့ နိုင်ငံတကာလေဆိပ်အနေဖြင့် အာဏာပိုင်များနှင့် ပူးပေါင်း၍ စုံစမ်းစစ်ဆေးမှုများပြုနေကြောင်း ပြောခဲ့သည်။ ၎င်းက ကြေညာချက်တစ်စောင်ထုတ်ခဲ့ရာ၌ လည်း ဇွန်လ ၂၃ ရက် ညက မတော်တဆဖြစ်ပွားခဲ့ရမှုတွင် ထိုလေကြောင်း၏ လေဆိပ်မြေပြင်အလုပ်သမားတစ်ဦးသေဆုံးခဲ့ရကြောင်း ဖော်ပြခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက ထိုဖြစ်ရပ်အတွက် များစွာကြေကွဲဝမ်းနည်းရကာ အာဏာပိုင်များနှင့်ပူးပေါင်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ အသေးစိတ်ထပ်မံရရှိသော အချက်အလက်များကို မျှဝေသွား မည်ဖြစ်ကြောင်း ပြောခဲ့သည်။

သေဆုံးသူ၏မိသားစု၊ မိတ်ဆွေများနှင့် ချစ်ခင်ရင်းနှီးသူများနှင့် ထပ်တူပင် လေကြောင်းလိုင်းက ဤအချိန်တွင် ဝမ်းနည်းခံစားရပါကြောင်းလည်း ပြောကြားခဲ့သည်။

Ref—–CNN

Leave a Reply

Your email address will not be published. Required fields are marked *