April 29, 2024

၁၉. ၆. ၂၀၂၃
Written by Phyo Wei

မြ၀တီနယ်စပ်က မြို့သစ်တွေမှာ နာမည်ပျက် တရုတ်စီးပွားရေးလုပ်ငန်းတွေ တားမြစ်ဖို့ ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးဖြတ်တောက်လိုက်တာဟာ တရုတ်စီးပွားရေးလုပ်ငန်းရှင်ထက် မြဝတီမြို့ခံအိမ်ထောင်စုတွေပဲ ကျပ်တည်းအဆင်မပြေဖြစ်ခဲ့ရတဲ့ ဒီရက်သတ္တပတ်မှာပဲ ထိုင်းနိုင်ငံရောက် PDF ၇၀၀ လောက်ကို ပန်းရောင်ကတ်ထုတ်ပေးတဲ့ ထိုင်းအရာရှိတွေ စစ်ဆေးခံနေရတဲ့ဖြစ်စဉ်လည်း ရှိနေပြန်ပါတယ်။

တစ်ဖက်မှာလည်း မိုးရာသီရောက်လာပြီဖြစ်လို့ လေကြောင်းတိုက်ခိုက်မှုတွေ အားနည်းလာချိန်မှာ မြေပြင်တိုက်ခိုက်မှုတွေ ဆင့်ကဲလုပ်လာနေလို့ ပျူစောထီးရွာလို့ သမုတ်ခံရတဲ့ ရွာတွေ ပိုပိုအတိုက်ခံရတဲ့အခြေအနေကို မြင်လာရသလို ၂၀၂၃ ခုနှစ် နှစ်ဝက်ကျိုးလာတာနဲ့အမျှ NUG နဲ့ PDF တွေဟာ ၂၀၂၃ က အဆုံးသတ်အတွက် အဆုံးအဖြတ်နှစ်ဆိုတာ ပီပြင်အောင် တိုက်ခိုက်သတ်ဖြတ်မှုတွေ ပိုပိုလုပ်လာတာကိုလည်း တွေ့လာရပါတယ်။ PDF အဖွဲ့တိုင်းလိုလို ကျည်ဖိုးအလှူခံနေတာနဲ့ ဒီဖြစ်စဥ်တွေကို ချိန်ဆကြည့်မယ်ဆို မြို့တွေရွာတွေအများစုကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်တိုက်နိုင်သလို ဒီလိုတိုက်မဲ့ ဖြစ်စဉ်တွေ သတင်းတွေလည်း ကြားသိလာရလို ကျောမလုံတဲ့နေရာက ပြည်သူတွေ ပိုသတိထားရတော့မဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ အကြမ်းဖက်မှု တားဆီးရေး အိမ်ငှားပေးသူပါ အရေးယူမဲ့အခြေအနေတွေ၊ နိုင်ငံရေးရည်ရွယ်ချက်နဲ့ ပြည်သူ ၆၀၀၀ ကျော်သတ်ဖြတ်ခံရတာတွေနဲ့ နစကနဲ့မဆွေးနွေးဘဲ မြန်မာ့နိုင်ငံရေးအခက်အခဲ ဘယ်လိုအဖြေရှာမလဲလို့ ဝေဖန်နေသူတွေကို မေးခွန်းထုတ်တဲ့ ထိုင်းနိုင်ငံအကြောင်းတွေကို သုံးသပ်ချင်ပါတယ်။

အကြမ်းဖက်မှု တားဆီးရေး အိမ်ငှားပေးသူပါ အရေးယူမဲ့အခြေအနေ

NLD ရဲ့ စစ်တမ်းတွေအရတော့ လက်ရှိအချိန်အထိ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်နွှယ်လို့ ပိတ်သိမ်းခံရတဲ့ နေအိမ်ဟာ အလုံး ၁၀၀၀ လောက် ရှိလာနေပြီလို့ သိရပါတယ်။ ဒီအထဲမှာ အကြမ်းဖက်မှုနဲ့ ဆက်နွှယ်လို့ ချိပ်ပိတ်ခံရတဲ့ သာမန်ပြည်သူ့အိမ်က ၆၀၆ လုံး၊ လုပ်ငန်းက ၉၇ ခုနဲ့ ကား ၁၇ စီးသိမ်းဆည်းခံထားရတယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် အကြမ်းဖက်မှုတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ NLD ပါတီဝင် ၃၃၃ ဦးရဲ့ အိမ်ခြံမြေ ၃၄၄ လုံးနဲ့ လုပ်ငန်း ၅၅ ခုအပြင် ကား ၁၅ စီးပါ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။ ဒီလိုသိမ်းနေပေမဲ့လည်း တစ်ဖက်မှာတော့ အကြမ်းဖက်မှုတွေက ကျဆင်းမှုမရှိတဲ့အပြင် ပိုပြီးတော့တောင် များလာပါတယ်။

ဒါပေမဲ့ ပုံစံကတော့ ပြောင်းသွားခဲ့ပြီး အဲဒီပုံစံကတော့ PDF တွေဟာ နေအိမ်တွေ တိုက်ခန်းတွေ ငှားလုပ်လာတာပါ။ အကြမ်းဖက်ကျုးလွန်လို့ ဖမ်းမိချိန်မှာတော့ ငှားထားတဲ့ နေအိမ်အသိမ်းခံရပေမဲ့လည်း ပိုင်ရှင်တွေက အကြမ်းဖက်မှုနဲ့ အရေးယူခံရမှုမရှိတာကြောင့် ကြောက်ရွံမှုမရှိ၊ သေချာစုံစမ်းမှုမရှိဘဲ ဆက်ငှားနေတာကြောင့် လက်ရှိမှာတော့ နေအိမ်ကို နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းတော့မဲ့အပြင် ငှားပေးတဲ့ အိမ်ရှင်ကိုပါ အကြမ်းဖက်မှုပုဒ်မနဲ့ အရေးယူတော့မယ်လို့ သတိပေးလာပြီဖြစ်ပါတယ်။ ဒီလိုသတိပေးထားတဲ့ကြားက အကြမ်းဖက်သမားတွေကို ဆန်းစစ်မှုမရှိဘဲ ဆက်ငှားရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံလို့ပဲ ပြောရပါမယ်။

နိုင်ငံရေးရည်ရွယ်ချက်နဲ့ ပြည်သူ ၆၀၀၀ ကျော်သတ်ဖြတ်ခံရမှု

၂၀၂၁ ဖြစ်စဉ်အစ ပြီးခဲ့တဲ့ လပေါင်း ၂၀ အတွင်းမှာ ပြည်သူ ၆၃၃၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး အဲဒီအထဲမှာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ သတ်ဖြတ်ခံရတဲ့သူက ၆၇ ရာခိုင်နှုန်းကျော် ရှိနေတယ်လို့ နော်ဝေနိုင်ငံ၊ အော့စလိုမြို့အခြေစိုက် (Peace Research Institute Oslo-PRIO) ရဲ့ ‘Counting Myanmar’s Dead- Reported Civilian Casualities since the 2021 Military Coup’ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

PRIO ရဲ့ သုတေသနပါမောက္ခနဲ့ အစီရင်ခံစာ တွဲဖက်ရေးသားသူ စတိန်း သောင်နက်ဆန်က “ကျွန်တော်တို့ဖော်ပြတဲ့ မြန်မာနိုင်ငံရဲ့ပဋိပက္ခအတွင်း သေဆုံးရသူ အရေအတွက်က အရင်ဖော်ပြခဲ့တာထက်ပိုပြီး များပါတယ်။ ဒီမှာ အများအပြားက အုပ်ချုပ်သူတပ်မ‌တော် အစိုးရကြောင့်လို့ ဆိုကြပေမယ့် အစိုးရဆန့်ကျင်ရေးအုပ်စုတွေကြောင့် သေဆုံးရသူ အရပ်သားအရေအတွက်ဟာလည်း ကြီးမားစွာပါဝင်နေတာ ကျွန်တော်တို့တွေ့ရှိရတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီအထဲမှာ ပြည်သူတွေရဲ့ ထက်ဝက်ကျော်ဟာ PDF တွေ EAO တွေနဲ့ အမျိုးအမည်မခွဲနိုင်သူတွေရဲ့ လက်ချက်ကြောင့်ဖြစ်ပြီး ထက်ဝက်အောက်ကတော့ လခရတွေကြောင့်လို့လည်း ဖော်ပြထားပါသေးတယ်။ ဒါပေမဲ့လည်း အမေရိကန်ရဲ့ ထောက်ပံ့မှုနဲ့ လည်ပတ်နေတဲ့ ကိုမင်းဇင်တို့ရဲ့ ISP Myanmar ကတော့ ၂၀၂၁ ဖြစ်စဉ်ကနေ နှစ်နှစ်ကျော်အတွင်းမှာ ပြည်သူ ၈၆၄၀ ဦးသတ်ဖြတ်ခံရတယ်လို့ ပြောခဲ့ပြီး အဲဒီအထဲကတော့ ၂၁၈၃ ဦးဟာ လခရတွေကြောင့်လို့ ဆန်းစစ်ခဲ့သလို ၂၄၅၄ ဦးကတော့ တိုက်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သေခဲ့ရတယ်လို့ ပြောပါတယ်။ ၄၀၀၃ ဦးကတော့ ဒလန်လို့ စွပ်စွဲအသတ်ခံရတာဆိုတဲ့ အကြောင်း SAC ထုတ်ပြန်ချက်ကို ကိုးကားပြောထားပါသေးတယ်။ ဒီနေရာမှာတော့ ပြည်သူပေါင်း ၈၆၄၀ အသတ်ခံရမှုမှာ SAC ကြောင့်သေတာက ၂၁၈၃ ဦးပဲရှိတယ်လို့ ကိုမင်းဇင်တို့လို့ အမေရိကန်ရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေတဲ့ ISP Myanmar ကကို ထုတ်ပြောလာတာ ထောက်ချင့်ရင် ကျန်တဲ့ ၆၄၅၇ ဦးကတော့ NUG, PDF တွေနဲ့ EAOs လက်ချက်၊ သူတို့က အတိုင်းအဆမရှိ ပိုသတ်တယ်လို့ ပြောရမဲ့သဘောပါပဲ။

နစကနဲ့ မဆွေးနွေးဘဲ မြန်မာ့နိုင်ငံရေးအခက်အခဲ ဘယ်လိုအဖြေရှာမလဲ မေးခွန်းထုတ်တဲ့ ထိုင်း

“ကျွန်တော်တို့ဟာ ဒီအစည်းအဝေးကို ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်ခဲ့တယ်။ မြန်မာနိုင်ငံဟာ နိုင်ငံခြားရေးဝန်ကြီးကို အစားထိုးလဲလှယ်တာမျိုးရှိခဲ့တယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးအသစ်ထံကနေ အသံတွေကို နားထောင်ရမယ်။ နစကနဲ့ဆွေးနွေးမှုမရှိဘဲ မြန်မာ့နိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်အောင်အဖြေဘယ်လိုရှာမလဲ” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းဟာ သူ့ကို ဝေဖန်ပုပ်ခတ်နေတဲ့ NUG အပါအဝင် အဖွဲ့အစည်းအသီးသီးကို တုံ့ပြန်လိုက်ပါတယ်။

အာဆီယံမူငါးချက်ကို တိုးတက်အောင်မလုပ်ဘူးဆိုတဲ့ ရှုမြင်မှုနဲ့ မြန်မာ့ SAC ကို အာဆီယံက မဖိတ်တော့ချိန်မှာ SAC နဲ့ အာဆီယံအကြားမှာ ပိုပိုပြီးတော့ ဝေးကွာမှုတွေဖြစ်လာသလို ဒီလိုမျိုး ဝေးကွာမှုကိုတော့ အမေရိကန်နဲ့ အလွမ်းသင့်တဲ့ ထိုင်းနိုင်ငံက သူ့နိုင်ငံမှာ မြန်မာ့အရေးအလွတ်သဘော တွေ့ဆုံဆွေးနွေးမှုသုံးကြိမ်တိတိလုပ်ခဲ့ပြီး စေ့စပ်ပါတယ်။ သူတို့ ဒီလိုလုပ်တိုင်းမှာလည်း SAC ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခဲ့ပါတယ်။ ဒီနေရာမှာ သိသာတာကတော့ ထိုင်းနိုင်ငံရဲ့ ဒီလုပ်ရပ်အပေါ် အာဆီယံနိုင်ငံတချို့နဲ့ NUG ကပဲ ဝေဖန်တာဖြစ်ပြီး NUG ကို ထောက်ပံ့နေတဲ့ အမေရိကန်ကတော့ နှုတ်ဆိတ်ပြီး မသိကျိုးကျွံပြုနေတာကိုပါ။ ဒီအခြေအနေဟာ ထိုင်းက မြန်မာ့အရေးအလွတ်သဘော တွေ့ပေးဖို့ အမေရိကန်ရဲ့ အရိပ်တစ်ခုခုပါနိုင်တယ်ဆိုတဲ့ အခြေအနေကို ညွှန်းဆိုနေသလို တရုတ်၊ အိန္ဒိယ၊ ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မြန်မာ၊ ထိုင်းတို့ တက်ရောက်မဲ့ ဒီဆွေးနွေးပွဲရလဒ်ဟာ ရွေးကောက်ပွဲပြန်လုပ်ပြီး တက်လာတဲ့အစိုးရသစ်ကို အာဏာတကယ်လွှဲပေးဖို့မှာ ဘာတွေလိုအပ်နေသလဲ။ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ရွေးကောက်ပွဲအောင်မြင်သွားဖို့ ဘယ်လိုပံ့ပိုးရမလဲဆိုတဲ့ အဖြေတစ်ခုအတွက် ဆွေးနွေးနေတာလည်း ဖြစ်နိုင်တယ်ဆိုတာကို အပြန်အလှန်သတ်ဖြတ်မှု တိုက်ပွဲတွေအနှစ် ၂၀ ကျော် မကြာလိုသူတွေလည်း တွေးဆကြည့်ပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *