၂၀. ၆. ၂၀၂၃
Written by Naing Thuta

ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းအမြဲတမ်းစစ်ဆေးရေးစခန်းတွင် “ရတနာ”မော်တော်ယာဉ်လိုင်း၏ကား၏ ဝမ်းဗိုက်အတွင်း ခိုးတင်လာသော ဘင်္ဂါလီ ၆ ဦးအား ယမန်နေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၁၉ ရက်နေ့) မနက် ၈ နာရီခွဲလောက်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာ၊ မရမ်းချောင်းအမြဲတမ်းစစ်ဆေးရေးစခန်းတွင် တာဝန်ကျနေသော လုံခြုံရေးပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်မြို့မှ မြဝတီမြို့သို့ အသက် ၃၂ နှစ်အရွယ် ယာဉ်မောင်း မောင်းနှင်လာသည့် “ရတနာ” ခရီးသည်တင်ယာဉ်လိုင်း(အနီရောင်ယာဥ်)အား ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် ခရီးသည်များ လိုက်ပါလာခြင်းမရှိဘဲ ယာဉ်၏ဝမ်းဗိုက်အောက်ပိုင်းပစ္စည်းများထည့်သည့်နေရာတွင် အထောက်အထားမပါသော ဘင်္ဂါလီလူမျိုး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး၊ ကလေးငယ် ၁ ဦး၊ စုစုပေါင်း ၆ ဦးတို့ကို တွေ့ရှိကာဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါအထောက်ထားမဲ့ ဘင်္ဂါလီလူမျိုးများနှင့် တင်ဆောင်လာသော ယာဉ်မောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ပြီးနောက် အရေးယူဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *