၁၅. ၆. ၂၀၂၃
Written by Nyein Kyaw
လာမည့် ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အတွက် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ပြန်လည်ပြုပြင်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ယခုဇွန်လ ဒုတိယအပတ်အတွင်းကတည်းက စတင်၍ ပြန်လည်ပြုပြင်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့က မနေ့ကတည်းက လုပ်နေတာ။ အာဇာနည်နေ့မှာ ပြတိုက်ဖွင့်မှာလား၊ မဖွင့်ဘူးလားဆိုတာကိုတော့ ကျွန်တော်တို့လည်းမသိဘူး” ဟု ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ပြုပြင်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုများကြောင့် ၂၀၂၀ ခုနှစ် (၇၃) နှစ်မြောက်အာဇာနည်နေ့နှင့် ၂၀၂၁ ခုနှစ် (၇၄)ကြိမ်မြောက်အာဇာနည်နေ့တို့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို အွန်လိုင်းမှတစ်ဆင့် ပြသခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် အာဇာနည်နေ့မှသာ ဝင်ရောက်ကြည့်ရှုခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။








