၁၅. ၆. ၂၀၂၃
Written by Tha Doe
အလွန့်အလွန် အင်အားပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် လူ ၁၄၈ ဦး သေဆုံးခဲ့ပြီး ငွေကျပ် ၅၂၂ ဘီလျံခန့် ဆုံးရှုံးခဲ့ကြောင်းနှင့် မုန်တိုင်းကြောင့် သေဆုံးသူများသည် အချိန်မီ ရွှေ့ပြောင်းနိုင်ရန် တာဝန်ရှိသူများ၏ စီမံမှုအပေါ် ငြင်းဆန်ခဲ့မှုများကြောင့် မဖြစ်သင့်ဘဲ အသက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရကြောင်း SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
မိုခါကြောင့် ထိခိုက်မှုများ ပြန်လည်ပြင်ဆင်ရာတွင် ဆက်သွယ်ရေးကဏ္ဍ၌ ရေဒီယိုစခန်း ၁၂၃၃ ခုရှိသည့်အနက် ၈၉၂ ခု ပြန်လည်ပြင်ဆင်ခဲ့ပြီးဖြစ်၍ ၉၉ ဒသမ ၀၃ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လျှပ်စစ်ကဏ္ဍ အနေဖြင့် ပုဏ္ဏကျွန်း-စစ်တွေ အမှတ်(၁)ဓာတ်အားလိုင်းမှ ဇွန် ၆ ရက်တွင် စစ်တွေ (၆၆)ကေဗွီ ဓာတ်အားခွဲရုံ အမှတ်(၁)သို့လည်းကောင်း၊ ဇွန် ၈ ရက်တွင် စစ်တွေဓာတ်အား ခွဲရုံ အမှတ်(၂)ဆက်ရိုးကျဓာတ်အားခွဲရုံသို့လည်းကောင်း ဓာတ်အားများ ပို့လွှတ်ခဲ့ပြီး စုစုပေါင်း ထရန်စဖော်မာ ၂၄၅ လုံးဖြင့် စစ်တွေမြို့အတွင်း ရပ်ကွက် ၃၃ ရပ်ကွက်သို့ ရာနှုန်းပြည့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ပုဏ္ဏကျွန်း ၁၀/၀ ဒသမ ၄ ကေဗွီ ဓာတ်အားခွဲရုံမှ စုစုပေါင်းထရန်စဖော်မာ ၂၉ လုံးဖြင့် ဇွန် ၇ ရက်တွင် မြို့ပေါ်ရပ်ကွက် များအားလုံးသို့ ရာနှုန်းပြည့် ဓာတ်အားဖြန့်ဖြူပေးနိုင်သည်ကို တွေ့ရှိရကြောင်း၊ ဆက်လက်၍ ကျန်ရခိုင်ပြည်နယ်အတွင်း မြို့နယ်များအား ဇူလိုင်လ ပထမ ပတ်အပြီး လျှပ်စစ်ဓာတ်အား အမြန်ဆုံးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
သန့်ရှင်းသော သောက်သုံးရေ ရရှိရေး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် မုန်တိုင်းဒဏ်သင့်ဒေသများတွင် သောက်သုံးရေသန့်ရရှိရေးအတွက် ယာဉ် ၁ စီး၊ တစ်နာရီ သန့်စင်ရေဂါလံ ၈၀၀ ထွက်ရှိသော ရွှေ့လျားရေသန့်စင်ကား ၆ စီးကို စစ်တွေ၊ မင်းပြား၊ ရသေ့တောင်မြို့များတွင် ဖြန့်ခွဲထားပြီး တစ်ရက်လျှင် ၈ နာရီကြာ ရေဂါလန် ၃၂၀၀၀ ခန့် ဖြန့်ဝေပေးနေသည်။ ဆက်လက်၍ လည်း သောက်သုံးရေ လုံလောက်စွာ ရရှိရန် စီမံဆောင်ရွက်လျက်ရှိသလို ထပ်မံ၍လည်း စစ်တွေ ဆိပ်ကမ်းသို့ ရောက်ရှိပြီးဖြစ်သည့် Life Straw ၂၁၀ လုံးနှင့် Mobile ရေတင်စက် များကိုလည်း အမြန်ဆုံးဖြန့်ဝေပေးရန် လိုကြောင်း မှာကြားသည်။
စစ်တွေမြို့နယ်ရှိ အစိုးရနည်းပညာ အထက်တန်း ကျောင်း၊ စစ်တွေတက္ကသိုလ် ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များကို လိုအပ်သော သန့်ရှင်းရေးနှင့် အဆောက်အဦ ပြင်ဆင်ခြင်းများဆောင်ရွက်ခဲ့ပြီး ဇွန် ၁ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်သင် ကြားပေးလျက်ရှိကြောင်း၊ အလားတူ အခြေခံပညာကျောင်းများကိုလည်း ဇွန် ၁ ရက်တွင် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ကျောင်းသား/ကျောင်းသူ ဦးရေ ၄၉၂၀၀၀ ကျော် တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၁၇)မြို့နယ်တွင်ရှိသော ပြည်သူလူထုများအား မြို့နယ်ဆေးရုံ (၁၇)ရုံ၊ တိုက်နယ်ဆေးရုံ(၄၃)ရုံတွင် လည်းကောင်း၊ အထူးကုဆေးအဖွဲ့ (၂)ဖွဲ့ ၊ အရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့(Rapid Response Team) ၈ ဖွဲ့ဖြင့်လည်းကောင်း၊ မေ ၁၆ ရက်နေ့မှ ယနေ့အချိန်အထိ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက် ရှိရာ ယခုအချိန်အထိ ပြင်ပလူနာ ၁၇၂၃၉ ဦး၊ အတွင်းလူနာ ၃၃၅၂၇ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။
သဘာဝဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လမ်း၊ တံတားများတွင် လမ်းပန်း ဆက်သွယ်ရေးပြတ်တောက်မှုမရှိစေဘဲ အမြန်ဆုံးဖြတ်သန်းသွားလာနိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂)ဖွဲ့ ၊ တံတား အထူးအဖွဲ့(၇)ဖွဲ့မှ ယာယီဘေလီတံတားများ တည်ဆောက်နိုင်ရန်အတွက် မေ ၁၆ ရက်မှ စတင်ပြီး တည်ဆောက်ရေးပစ္စည်းများ စုဆောင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး မေ ၁၈ ရက်မှ စ၍ လမ်းတံတားများကို စတင်ပြန်လည်တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သော SAC ဒုဥက္ကဋ္ဌက မိုခါကြောင့် ထိခိုက်ပျက်စီးမှုများပြားမည်ဟု နိုင်ငံတကာက ခန့်မှန်းခဲ့သော်လည်း ယခုကဲ့သို့ ထိခိုက်မှုနည်းပါးပြီး အမြန်ဆုံးပြန်လည်ထူထောင်နေနိုင်မှုများမှာ မုန်တိုင်းမလာမီ ဇွန် ၆ ရက်မှစ၍ ကြိုတင်ပြင်ဆင်ခဲ့မှုများကြောင့်ဖြစ်ပြီး အဖွဲ့အစည်းဖြင့် စနစ်တစ်ကျ ဆောင်ရွက်ခဲ့မှုများကြောင့် ယခုကဲ့သို့ ပြန်လည် ထူထောင်နိုင်ခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၇) မြို့နယ် နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် (၄) မြို့နယ်တို့ကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ(၁၁)အရ ကြေညာခဲ့ကြောင်း၊ မုန်တိုင်းထိခိုက်မှု ပြင်းထန်သော စစ်တွေ၊ မောင်တောနှင့် ရသေ့တောင် ကဲ့သို့သော မြို့များအတွက် စိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက်မှု မရှိစေရန် လယ်ထွန်စက်၊ ကျွဲ၊ နွားနှင့် မျိုးစေ့များ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။






