၁၄. ၆. ၂၀၂၃
Written by Peya

စနစ်ဟောင်းအတွက် နောက်ဆုံး တက္ကသိုလ်ဝင်စာမေးပွဲတွင် အကျဉ်းထောင် ၈ ခုမှ ဖြေဆိုအောင်မြင်သူများအနက် ဂုဏ်ထူးရှင် ၄၁ ဦး အထိရှိကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ကောက်ယူထားသည့် အချက်အလက်များအရ ဇွန်လ ၁၄ ရက်တွင် သိရသည်။

စနစ်ဟောင်းအတွက် နောက်ဆုံး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၆၇ ရာခိုင်နှုန်းကျော်ရှိကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အောင်ချက်ရာခိုင်နှုန်းမှာ မကွေးတိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး အောင်ချက်အနည်းဆုံး နေရာမှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဖြစ်သည်။

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနက် အင်းစိန် ဗဟိုအကျဉ်းထောင်မှ ၁၀ ဦး၊ မန္တလေး ဗဟို အကျဉ်းထောင်မှ ၂၉ ဦး၊ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အကျဉ်းထောင် ၆ ခုမှ ဖြေဆို အောင်မြင်သူ ၅ ဦး စုစုပေါင်း ၄၄ ဦး အောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ အောင်မြင်သူများထဲတွင် ၅ ဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၂ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၂၅ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၇ ဦး နှင့် ၁ ဘာသာ ဂုဏ်ထူးရှင် ၆ ဦးတို့ ရှိခဲ့ကြောင်းလည်း အချက်အလက်များအရ သိရသည်။

ဖြေဆိုသူ အကျဥ်းသားများ၏ အောင်မြင်မှု ရာခိုင်နှုန်းမှာ ၉၁ ဒဿမ ၆၇ ရာခိုင်နှုန်းအထိ ရှိခဲ့ကာ အောင်မြင်သည့် အကျဉ်းသူ၊ အကျဉ်းသားများ ပညာသင်ကြားခွင့် ဆက်လက်ရရှိရန် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *