၁၄. ၆. ၂၀၂၃
Written by Nay Aung
ထိုင်းအစိုးရမှ လျှပ်စစ်ဓာတ်အား ဖြတ်တောက်လိုက်မှုကြောင့် မြဝတီမြို့ရှိ တရုတ်စီးပွားရေးလုပ်ငန်းရှင်များအပေါ် သက်ရောက်မှုများမရှိဘဲ မြို့ခံအိမ်ထောင်စုများအပေါ် များစွာသက်ရောက်လျက်ရှိနေကြောင်း၊ မြဝတီမြို့ရှိ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ အိမ်ယာအဆောက်အဦများတွင် ညအချိန် လျှပ်စစ်မီးများထွန်းလင်းလျက်ရှိနေကြောင်း သိရသည်။
ထိုင်းလျှပ်စစ်အာဏာပိုင်များသည် မြန်မာအာဏာပိုင်များ၏ တောင်းဆိုချက်အရ ဇွန်လ ၆ ရက်နေ့တွင် မြဝတီမြို့ကို ဖြန့်ဖြူးပေးနေသော လျှပ်စစ်မီးများ ဖြတ်တောက်ခဲ့ကြောင်း သိရသည်။ သို့သော် ခရီးသွားများနှင့် ကုန်ကားများသည် ပုံမှန်အတိုင်း ထိုင်းနှင့် မြန်မာနယ်စပ်ဒေသဖြစ်သော မဲဆောက်မြို့ကို ဖြတ်သန်းသွားလာလျက်ရှိနေသည်။
မဲဆောက်မြို့ Ban Wang Kaeo အရပ်ဒေသရှိ Pier 23 ဆိုင်ရှင်ဖြစ်သူ Thongchai Maneesorn က လျှပ်စစ်မီးဖြတ်တောက်လိုက်ခြင်းကြောင့် မြဝတီမြို့ရှိ တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့အဆောက်အဦအပေါ် ကြီးမားသော သက်ရောက်မှုများရှိနေခဲ့ကြောင်း၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်များသည် ကိုယ်ပိုင်မီးစက်များရှိနေကြောင်း ပြောသည်။
လျှပ်စစ်မီးဖြတ်တောက်မှုကြောင့် မြဝတီမြို့ရှိ အိမ်ထောင်စုများအပေါ် သက်ရောက်မှုများရှိနေပြီး အိမ်ထောင်စုများသည် ၎င်းတို့၏ ရေခဲသေတ္တာများ ကောင်းမွန်စွာ အလုပ်မလုပ်ခြင်းကြောင့် လတ်ဆတ်သောအစားစာများကို ထိန်းသိမ်းရန် ရေခဲကို အသုံးပြုနေရကြောင်း သိရသည်။ မြဝတီမြို့ရှိ ငွေကြေးပြည်စုံသော မိသားစုများသည် ကိုယ်ပိုင်မီးစက်များ ဝယ်ယူခဲ့သဖြင့် မီးဖြတ်မှုမှာ သက်ရောက်မှု မရှိခဲ့သလို ငွေကြေးပြည်စုံမှုမရှိသော မိသားစုများကလည်း ၎င်းတို့၏ အရင်းအမြစ်များကိုရောင်းချပြီး မီးစက်များဝယ်ယူခြင်းများရှိနေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မဲဆောက်မြို့မှ ရေခဲများနှင့် လျှပ်စစ်မီးစက်များသည် မြဝတီမြို့တွင် ဝယ်လိုအားမြင့်တက်နေသလို မဲဆောက်မြို့မှ မီးစက်များကို ချက်ချင်းဝယ်ယူနိုင်ခြင်းမရှိသောကြောင့် ထိုင်းနိုင်ငံအတွင်းရှိ အခြားဒေသများမှ မီးစက်များ ဝယ်ယူနိုင်ရန် ရက်အတန်ကြာစောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။
ထို့အတူ မိုဘိုင်းဖုန်းများသည်လည်း အားသွင်းရာတွင် ထိုင်းနိုင်ငံဘက်ခြမ်းမှ ပို့လွှတ်သော လျှပ်စစ်မီးကို မှီခိုနေရသောကြောင့် မိုဘိုင်းဖုန်းကွန်ရက်များ အသုံးပြုမရဘဲ ရှိနေကြောင်း သိရသည်။
“မြဝတီမြို့က တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့အဆောက်အဦအတွက် မီးစက် ဝယ်ယူတပ်ဆင်နိုင်တာကြောင့် မီးဖြတ်မှုက တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို သက်ရောက်မှုမရှိပါဘူး။ ထိုင်းလျှပ်စစ်ဓာတ်အားပေးအာဏာပိုင်အဖွဲ့က မီးပေးနေတာကို ဖြတ်တောက်လိုက်ပြီးနောက်ပိုင်းကတည်းက တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဟာ မီးစက်ကို မှီခိုအားထားနေပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းကနေ လှမ်းကြည့်မယ်ဆိုရင် မြဝတီ နယ်စပ်ဒေသက တရုတ် စီးပွားရေးလုပ်ငန်းရှင်ရဲ့ အဆောက်အဦတွေက ညဘက်တွေမှာဆိုရင် ပုံမှန်အတိုင်း မီးလင်းနေဆဲဖြစ်ပါတယ်” ဟု Thongchai Maneesorn က ပြောသည်။
Ref——-bangkokpost