April 19, 2024

၁၀. ၆. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံ ဆောင်ခလာပြည်နယ် ဟတ်ရိုင်ဒေသတွင် အိမ်ငှားနေထိုင်နေသော အမျိုးသမီး အသ-တ်ခံရမှုနှင့်ပတ်သက်ပြီး အတူနေသောခင်ပွန်းဖြစ်သူကို ဖမ်းဆီးလိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

ဟတ်ရိုင်ဒေသ Klong Rien လမ်းရှိ အမှတ် ၃၄ အိမ်တွင် ဇွန်လ ၉ ရက်နေ့က အမျိုးသမီးတစ်ဦးအသတ်ခံရကြောင်း သတင်းကို လက်ခံရရှိခဲ့ပြီးနောက် Kho Hong ရဲစခန်းမှ ဒုတိယရဲမှူးကြီး Chatchai Bamrungkorn ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ အသက် ၃၄ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး နန်းလီဆိုသူကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါ သေဆုံးမှုနှင့်ပတ်သက်ပြီး ခင်ပွန်းဖြစ်သူ အသက် ၄၉ နှစ်အရွယ်ရှိ စောသိန်းဦးကို စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူက ဇနီးသည်သေဆုံးရသည့်အကြောင်းကို မသိရှိကြောင်း ကနဦးထွက်ဆိုခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူများသည် အသ-တ်ခံရသော မြန်မာအမျိုးသမီး၏ ရုပ်အလောင်းကို အသေးစိတ်စစ်ဆေးရန်အတွက် ခွဲစိတ်ခန်းကို ပို့ဆောင်ပြီး စစ်ဆေးခဲ့ရာ မသင်္ကာစရာများစွာကို တွေ့ရှိခဲ့ကြောင်းသိရသည်။

မြန်မာအမျိုးသမီး၏ သေဆုံးနေသောပုံစံသည် တစ်စုံတစ်ဦးက တိုက်ခိုက်ထားသော ပုံစံမျိုးဖြစ်ပြီး မျက်နှာတစ်ခုလုံး ပွန်းပဲ့ဒဏ်ရာများအပြင် ခန္ဒာကိုယ်၏ နေရာအများအပြားတွင် ဒဏ်ရာများကို တွေ့ရှိခဲ့ကြောင်း၊ မီးဖိုဆောင် အုတ်နံရံမှ သေဆုံးခဲ့သော မြန်မာအမျိုးသမီး၏ ဆံပင်အ​မွေးများကို တွေ့ရှိခဲ့ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ထိုင်းရဲတပ်ဖွဲ့သည် မြန်မာအမျိုးသမီးအသ-တ်ခံရမှုနှင့်ပတ်သက်ပြီး ခင်ပွန်းဖြစ်သူ စောသိန်းဦးကို ဖိအားပေးမေးမြန်းခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူသည် စစ်ဆေးချိန်အတွင်း မြန်မာအမျိုးသမီး နန်းလီ အသတ်ခံရမှုအတွက် ဝန်ခံခြင်းမရှိခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးအောင်တိုက်ခိုက်ခဲ့သည်ဟု ထွက်ဆိုဝန်ခံခဲ့ကြောင်း သိရသည်။

စောသိန်းဦးက ၎င်းနှင့်ဇနီးသည်ဖြစ်သူ နန်းလီတို့သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်အတူလုပ်ကိုင်ခဲ့ပြီး တစ်နှစ်အရွယ်ရှိသမီးဖြစ်သူ ရရှိခဲ့ကြောင်း၊ ၎င်းအနေဖြင့် အသက် ၁၅ နှစ်ခန့်ကွာနေသော နန်းလီကို စိတ်မချဖြစ်မှု၊ မနာလိုမှုများဖြစ်ခဲ့ခြင်းကြောင့် မကြာခဏ စကားများရန်ဖြစ်ခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်။ ဇွန် ၉ ရက်နေ့ ညပိုင်းတွင် ၎င်းနှင့်နန်းလီတို့ အကြီးအကျယ်စကားများရန်ဖြစ်ခဲ့ပြီး နန်းလီ၏မျက်နှာကို မီးဖိုချောင် အုတ်နံရံနှင့်ရိုက်မိခဲ့ကြောင်း စောသိန်းဦးက ဝန်ခံပြောဆိုထားသည်။ စောသိန်းဦးသည် ၎င်း၏အပြစ်များကို ဝန်ခံခဲ့ပြီးနောက် ၎င်း၏အပြစ်များအတွက် ဇနီးဖြစ်သူကို ဝမ်းနည်းစွာငိုကြွေး တောင်းပန်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ထိုင်းရဲတပ်ဖွဲ့သည် လူသ-တ်မှုကျူးလွန်သော စောသိန်းဦးကို ဥပဒေနှင့်အညီ စွဲချက်တင်နိုင်ရန်အတွက် Kho Hong ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ထိုင်းအခြေစိုက် Mgronline သတင်းဌာနက ဖော်ပြထားသည်။

Ref——- MGR online

Leave a Reply

Your email address will not be published. Required fields are marked *