March 29, 2024

၁၀. ၆. ၂၀၂၃
Written by Pan Ei

ကိုလံဘီယာနိုင်ငံတွင် လွန်ခဲ့သည့် ၅ ပတ်ကျော်က ခရီးသွားလာသည့် လေယာဉ်ပျက်ကျပြီးနောက် ပျောက်ဆုံးနေခဲ့သည့် ကလေးငယ် ၄ ဦးကို သောကြာနေ့က တောထဲတွင် အသက်ရှင်လျက် တွေ့ရှိခဲ့ကြောင်း ကိုလံဘီယာသမ္မတ Gustavo Petro က ပြောကြားခဲ့သည်။

လေယာဉ်ငယ် ပျက်ကျခဲ့သည့်နေရာနှင့် နီးစပ်သော ကိုလံဘီယာနိုင်ငံ ကာကီတာနှင့် ဂွာဗီယား ပြည်နယ်ကြား နယ်စပ်အနီးတွင် ကလေးငယ်များကို စစ်တပ်မှ ရှာဖွေကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူခုနစ်ဦးကို တင်ဆောင်ကာ မောင်းနှင်ခဲ့သော Cessna 206 အမျိုးအစား လေယာဉ်သည် မေလ ၁ ရက်အစောပိုင်းက အင်ဂျင်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှူးနှင့် ကလေးငယ်များ၏မိခင် အပါအဝင် သုံးဦးသည် လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ကာ ယင်းတို့၏ ရုပ်အလောင်းများကို ပျက်ကျခဲ့သော လေယာဉ်အတွင်း၌ တွေ့ရှိခဲ့ရသည်။

ပြန်လည်တွေ့ရှိခဲ့သည် ကလေးငယ်လေးဦးမှာ မိန်းကလေး သုံးဦးနှင့် ယောက်ျားလေးတစ်ဦးတို့ဖြစ်ကြပြီး အသက် ၁၃ နှစ်၊ ၉ နှစ်၊ ၄ နှစ်နှင့် ၁၂ လအရွယ်တို့ ဖြစ်ကြသည်။

ကလေးငယ်များ၏ အဘိုးဖြစ်သူ နာစီဇို မူကွတ် က ကယ်ဆယ်မှုသတင်းအတွက် ဝမ်းမြောက်မိကြောင်း သတင်းထောက်များအား ပြောကြားခဲ့သလို ကိုလံဘီယာသမ္မတကလည်း တစ်နိုင်ငံလုံးအတွက် ပျော်ရွှင်စရာကိစ္စဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ကိုလံဘီယာစစ်တပ်နှင့် လေတပ်တို့မှ လေယာဉ်များနှင့် ရဟတ်ယာဉ်များကို ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုခဲ့ကာ ရှာဖွေရေးခွေးများ၏ ပံ့ပိုးကူညီမှုဖြင့်လည်း ကယ်ဆယ်ရေးသမားများသည် ကလေးငယ်များ အသက်ရှင်နေထိုင်ရန်အတွက် စားကာစွန့်ပစ်ထားခဲ့သည့် သစ်သီး အကြွင်းအကျန်များနှင့် တောတွင်းပစ္စည်းများဖြင့် ပြုလုပ်ထားသော တဲများကို ကလေးငယ်များကို ရှာမတွေ့မီ ယခင်ကလည်း တွေ့ရှိခဲ့သည်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *