April 19, 2024

MT News

Written by Nay Moe

KNU တပ်မဟာ (၄) တပ်ရင်း (၁၁) နှင့် သွားရောက်တွေ့ဆုံသည့် မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့(MSDF) ဝင်များအား ထို KNU တပ်မဟာ (၄) တပ်ရင်း (၁၁)မှပင် ချောင်းမြောင်းပစ်ခတ် လက်နက်လုယက်မှုကြောင့် လေးဦးသေ၍ ငါးဦးပျောက်ဆုံးခဲ့ရသည့်ဖြစ်စဥ်အပေါ် KNU/KNLA သို့ မေလ ၄ ရက်တွင် တိုင်ကြားထားသော်လည်း ယနေ့ ဇွန်လ ၉ ရက်အထိ အကြောင်းမထူးကြောင်း မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ထိုဖြစ်စဥ်တွင် မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ တနင်္သာရီဒေသတပ်၊ တပ်ရင်း (၃) တာဝန်ခံ နိုင်တမော့ချမ်း ဦးဆောင်သော အဖွဲ့သည် တော်လှန်ရေးတွင် အတူတကွ လုပ်ဆောင်ရန် ဧပြီ ၂၉ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး (KNU / KNLA)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ ဗိုလ်ကြီး စောဘွဲ့မှူးနှင့် တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံခဲ့ပြီးအပြန် ဧပြီ ၃၀ ရက် စနေနေ့ နံနက် ၆ နာရီ ၅၀ အချိန်တွင် KNU / KNLA၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ ရဲဘော်များက တနင်္သာရီဒေသ၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းမြို့နယ် (ခန့်မှန်း မိုင်တိုင် – ၂၃) တွင် ချောင်းမြောင်း ပစ်ခတ်ခဲ့သည့်အတွက် မွန်ပြည် ကာကွယ်ရေးတပ် (MSDF) မှ တပ်ခွဲမှူးနှင့် တပ်သား (၁) ဦး ကျဆုံးခဲ့သည်။ တပ်ခွဲမှူးနှင့် တပ်သား (၁) ဦးတွင် ပါလာသော (357) ဆုံလည် (၁) လက်၊ M -16 (၁) လက်နှင့် လက်ပစ်ဗုံးများ ဆုံးရှုံးခဲ့သည်။

ထိုနေ့ နံနက်တွင် ဘုတ်ပြင်းမြို့နယ်၊ ကော့ဟံသာအနီးတွင် နိုင်တမော့ချမ်းတို့အား လက်နက်လာရောက် ပို့ဆောင်သော နိုင်မွန်သိမ်းတပ်ဖွဲ့မှ ရဲဘော် (၄) ဦး ယူဆောင်လာသော (M – 16) သေနက် (၂) လက်၊ (HK – 16) သေနက် (၂) လက်နှင့် Shot Gun ခေါက်ချိုး (၂) လက်ကိုလည်း KNU / KNLA၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၁) တပ်ဖွဲ့ဝင်များမှ လမ်းတွင် တားဆီးပြီး လက်နက် (၆) လက်ကို ထပ်မံ သိမ်းယူခဲ့သည်။

ထိုသို့ ပစ်ခတ်မှု ဖြစ်ပြီးနောက် လွတ်မြောက်သွားသော မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တနင်္သာရီဒေသတပ်၊ တပ်ရင်း (၃) တာဝန်ခံ နိုင်တမော့ချမ်းနှင့် ရဲဘော် (၉) ဦးသည် ပြည်ကြီးမဏ္ဍိုင်ရွာအနီး (ခန့်မှန်း မိုင်တိုင် – ၂၆) အရောက် နေ့လည် ၁၂ နာရီခန့်တွင် KNU / KNLA တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ ဒုတိယအကြိမ် ထပ်မံ ချောင်းမြောင်းပစ်ခတ်ခံရပြီးနောက် အရပ်သား ယာဥ်မောင်း (၁) ဦးနှင့် ရဲဘော် (၁) ဦး ကျဆုံးခဲ့ပြီး တပ်သား (၁) ဦးတွင် ပါလာသော (AK – 16) သေနက် (၁) လက် ဆုံးရှုံးခဲ့သည်။

တာဝန်ခံ နိုင်တမော့ချမ်းနှင့် ရဲဘော် (၃) ဦးသည် အသက်ဘေးမှ ထပ်မံ လွတ်မြောက်ခဲ့ပြီး မေလ ၃ ရက်နေ့တွင် မိခင်တပ်ရင်းသို့ ပြန်လည်ရောက်ရှိလာပြီး တာဝန်ရှိသူများနှင့် အဆက်သွယ်ရယူကာ ဖြစ်ပွားခဲ့သော ဖြစ်စဥ်များကို သတင်းပေးပို့ခဲ့သည်။ လက်ရှိအချိန်ထိ တပ်ဖွဲ့ဝင် (၅) ဦးနှင့်အတူ လက်နက်များ ပျောက်ဆုံးနေပြီး ရဲဘော်များ အသက်ဘေးမှ လွတ်မြောက်ခြင်း ရှိ / မရှိကို အတည်ပြုနိုင်ခဲ့ခြင်း မရှိသေးချေ။

ယင်းဖြစ်စဥ်မှာ တော်လှန်ရေးတွင် အတူတကွ လုပ်ကိုင်နေသော လုပ်ဖော်ကိုင်ဘက်အချင်းချင်း ကူညီဖေးမမှုမရှိဘဲ လုပ်ကြံသတ်ဖြတ်ပြီး လက်နက်များ လုယူခဲ့သည့် လုပ်ရပ်အပေါ် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) များစွာ နားမလည်နိုင်ဖြစ်ရကြောင်းနှင့် ၎င်းလုပ်ရပ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ကရင်အမျိုးသား အစည်းအရုံး (KNU / KNLA) မှ တာဝန်ရှိသူများက တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ တာဝန်ရှိသူများနှင့် ကျူးလွန်ခဲ့သော တပ်ဖွဲ့ဝင်များအား စုံစမ်းစိစစ်ပြီး အမြန်ဆုံး ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၏ နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီက မေလ ၄ ရက် ရက်စွဲဖြင့် တိုင်ကြားခဲ့သည်။

သို့သော် ချောင်းမြောင်းပစ်ခတ်ခံရမှုကြောင့် ကျဆုံးသွားခဲ့ရသော မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မှ မွန်ရဲဘော်များနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ကရင်အမျိုးသား အစည်းအရုံး (KNU / KNLA) ဗဟိုသို့ တိုင်ကြားစာ ပေးပို့ တိုင်ကြားထားသော်လည်း ၎င်းတို့ဘက်မှ ယနေ့အချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း၊ တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိသေးကြောင်း မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီက ပြောသည်။

ယနေ့တွင် မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့(MSDF) ၏ နိုင်ငံရေး စစ်ရေးဦးဆောင်ကော်မတီမှ ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်း၊ အတွင်းရေးမှူး နိုင်ရည်မွန်ဌေး နှင့် တပ်ရင်း (၃) တနင်္သာရီ ဒေသတပ် (တာဝန်ခံ) နိုင်တမော့ချမ်းတို့မှ ဦးဆောင်ပြီး၊ ဧပြီ (၂၉) ရက်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU / KNLA)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၁) ၏ ချောင်းမြောင်းပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့ရသော ရဲဘော်များ၏ မိသားစုဝင်များကို သွားရောက်တွေ့ဆုံခဲ့ကြပြီး အားပေးစကားပြောခြင်း၊ လူသားချင်းစာနာသော အကူအညီနှင့် ထောက်ပံ့ကူညီငွေများ ပေးအပ်ခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *