April 25, 2024

၉. ၆. ၂၀၂၃
Written By Thandar

အနုပညာနဲ့ ၁၅ နှစ်ခန့် ဝေးကွာခဲ့တဲ့ သရုပ်ဆောင် သုန္ဒြေဦးကတော့ “အမုန်း” ဇာတ်လမ်းတွဲမှာ အစော ကာရိုက်တာ ပီပြင်ဖို့အတွက် မိတ်ကပ်မလိမ်းဘဲ ဖရိုဖရဲအပူသည်မကြီးပုံစံ သရုပ်ဆောင်ထားခဲ့တာပါလို့ ဖွင့်ဟလာပါတယ်။

“ဒီကားအတွက် ကိုဘိုစန်းနဲ့ ကိုဝိုင်းက ကမ်းလှမ်းလို့ ပြန်လည် ရိုက်ကူးဖြစ်တာပါ။ ဒီကားမှာ အစော ကာရိုက်တာ ပီပြင်ဖို့အတွက် မိတ်ကပ်မလိမ်းဘဲ ဖရိုဖရဲအပူသည်မကြီးပုံစံ သရုပ်ဆောင်ထားတယ်။ ကိုယ်ကလည်း မိတ်ကပ်မလိမ်းချင်တာနဲ့ အံကိုက်ဖြစ်သွားတယ်။ ဆင်းရဲ စုတ်ပြတ်နေအောင် အမ စပန့်သားလေးတွေ ဝတ်ခဲ့တယ်။ ဒီဇာတ်လမ်းတွဲမှာ ကိုယ့်အတွက် လုပ်ကွက်လေးတွေရှိလို့ ပါဝင်ရတာ ကျေနပ်မှုရှိပါတယ်”လို့ သုန္ဒြေဦး ပြောပါတယ်။

အနုပညာအလုပ်တွေကို ၁၅ နှစ်လောက် မလုပ်ခဲ့ဘဲ ပထမဦးပွဲထွက် ရိုက်ကူးထားတဲ့ “အမုန်း” ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ ဒွေး(ခ) ကိုသားကြီး မရှိတော့တဲ့ နောက်ပိုင်းမှာ ကိုယ့်ခေါင်း ဦးဆောင်နေတဲ့သူ မရှိတော့သလို ဖြစ်ပြီး အားငယ်သွားတယ်လို့ ဆိုပါတယ်။ လက်ရှိ Mahar App က ထုတ်လွှင့်နေလျှက်ရှိပြီး အစော ကာရိုက်တာမှာ အပိုအလိုမရှိဘဲ အိုက်တင်ကောင်းတယ်လို့ ပရိသတ်တွေကလည်း မှတ်ချက်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။

“အနုပညာမလုပ်ဖြစ်တာ ၁၅ နှစ်ရှိခဲ့ပါပြီ။ ကိုသားကြီးနဲ့က ကိုယ့်အကို တစ်ယောက်လိုဖြစ်နေတော့ အလုပ်လုပ်ရတာ အဆင်ပြေခဲ့တယ်။ ခေတ်ကာလအပြောင်းအလဲအရ ဇာတ်ဝင်ခန်းအတွက် စကားလုံးတွေ ဒိုင်ယာလေ့ာခ်တွေက ကြိုပြင်ဆင်ရတဲ့ ခေတ်ဖြစ်လာတယ်လေ။ ကိုယ်တွေ ခေတ်ကတော့ ရိုက်ကွင်းပေါ်ရောက်မှ ရိုက်ကူးရမယ့် အကြောင်းအရာကို သိရတာလေ။ ဆင်းန်ပေါ်မှာပဲ တိုင်ပင်လုပ်ကြရတာလေ။ ဒီကားမှာ ညီနန္ဒနဲ့ ဇာတ်ဝင်ခန်းဆိုရင် အသားတွေနာပြီ အကြောဆေးပါသွင်းခဲ့ရတယ်။ ကိုယ်ပြန်ပြီး ပထမဆုံး ရိုက်တဲ့ကားမို့ အမှတ်တရတွေလည်း များခဲ့ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *