April 26, 2024

◾ ပျံလွန်ရရှာသည့် ဘုန်းတော်ကြီး၏ ဖုန်းနှင့် သပိတ်တို့ပါ ပျောက်ဆုံးနေ

MT News

Written by Peya

သက်တော် ၉၃ နှစ်အရွယ်ရှိ ဘုန်းတော်ကြီးတစ်ပါးကို ကားဖြင့် တိုက်မိသည့်အတွက် ဆေးကုပေးမည်ဟု ပြောပြီး ခေါ်သွားကာ စွန့်ပစ်ခဲ့သောကြောင့် ပျံလွန်တော်မူသည့် ဖြစ်စဉ်တစ်ခု မန္တလေးတွင် ယနေ့ ဖြစ်ပွားခဲ့ကြောင်း ပျံလွန်တော်မူခဲ့သည့် ဘုန်းတော်ကြီးနှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ဇွန်လ ၆ ရက် နံနက်ပိုင်း ၅ နာရီ အချိန်ခန့်က သက်တော် ၉၃ နှစ်၊ ဝါတော် ၂၅ ဝါ ရှိ ဘုန်းတော်ကြီးတစ်ပါးသည် အဖော်ရဟန်းတစ်ပါးနှင့် အတူ မန္တလေးတောင် အနောက်ဘက် ဂေါက်ကွင်းအနီးတွင် ဆွမ်းခံကြွရင်း လိုက်ထရပ်ကားတစ်စီးနှင့် တိုက်မိရာ အဖော်ဦးဇင်းကို ဆေးခန်းပို့ပေးရန် ခေါ်သွားမည်ဟုဆိုကာ ကားဖြင့်တိုက်မိသည့် ဘုန်းတော်ကြီးကို လမ်းဘေး စွန့်ပစ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဖြစ်ဖြစ်ချင်းတော့ ငုပ်တုပ်ထ ထိုင်သေးတယ်။ အဖော်ပါလာတဲ့ ဆရာတော်ကို လျှောက်ပြီး ဆေးခန်းပို့မယ်လို့ ခေါ်သွားတယ်။ အဖော်ရဟန်းတော်ကလည်း ဆေးခန်းပို့ဖို့ ခေါ်သွားတယ်ဆိုတော့ ဘာမှမဖြစ်ဘူးဆိုပြီး ကျောင်းကို ပြန်လာလိုက်တယ်။ သွေးထွက်သံယိုမဖြစ်ပေမယ့် အတွင်းကလီစာ တစ်ခုခုဖြစ်သွားတယ် ထင်ပါတယ်။ ဖြစ်စဉ်ကို မိသားစုကို ပြောပြတာပေါ့။ တိုက်တဲ့သူက ဇီဝက ဆေးခန်းကို ခေါ်သွားမယ်ပြောတော့ အဲ့ဒီ ဆေးခန်းကို လိုက်ပေမယ့် မတွေ့ဘူး။ ​ဆရာတော်ရဲ့ ဖုန်းနဲ့ပဲ သူကဆက်ပြီး အခု ဆေးခန်းကို ခေါ်သွားနေတယ်ပေါ့။ ပြန်လာပို့ပေးမယ့် ပြောပြီး ခဏနေတော့အဆက်အသွယ် ပြတ်သွားတာ။ ဖုန်းကိုလည်း ပိတ်သွားတယ်” ဟု ၎င်းက ဆိုသည်။

ထို့နောက် ပျောက်ဆုံး ရဟန်းတော်ကို လိုက်ရှာကြရာ မန္တလေးတောင်အောက် ရှိ ဂေါက်ကွင်းသို့ ပတ်ဝင်သည့် လမ်းအနီး သစ်ပင်တစ်ပင်၏ အောက်တွင် ရုပ်ကြွင်းကို ထားခဲ့ကြောင်း တွေ့ရပြီး ရဟန်းတော်၏ ဖုန်းအပြင်သပိတ်နှင့် ဆွမ်းချိုင့်ကိုလည်း ယူသွားကြောင်း ၎င်းက ဆိုသည်။

“အခုတော့ တိုက်တဲ့သူကို စုံစမ်းနေတယ်။ ကားကတော့ မန္တလေးမြို့ ပြည်ကြီးတံခွန်ကလို့ သိရပြီ။ အခုလိုက်နေတုန်းပါပဲ” ဟု ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *