April 19, 2024

၈. ၆. ၂၀၂၃
Written by Peya

အောင်မင်္ဂလာအဝေးပြေးကားဝင်းသို့ ခရီးသည် သွားကြိုမည်ဟုဆိုကာ ပျောက်ဆုံးသွားသည့် တက္ကစီယာဉ်နှင့် ယာဉ်မောင်းကို တစ်ရက်ကျော်ကြာသည့်အထိ အဆက်အသွယ် မရသေး၍ ရှာဖွေနေဆဲဖြစ်ကြောင်း ပျောက်ဆုံးယာဉ်မောင်းနှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ပျောက်ဆုံး တက္ကစီယာဉ်မှာ တက္ကစီ ယာဉ်အမှတ် (YGN) 5F/9019 ဖြစ်ပြီး ဦးဝင်းဆိုင်က မောင်းနှင်ခြင်း ဖြစ်ကာ ဇွန်လ ၇ ရက် နံနက် ၅ နာရီခွဲတွင် အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ခရီးသည်ကြိုမည်ဟုဆိုကာ ထွက်သွားပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း စုံစမ်းနေတယ်။ မသိသေးဘူး ခင်ဗျ။ စုံစမ်းနေဆဲ ကာလပါ။ မနက် ၅ နာရီခွဲတည်းက အိမ်က ထွက်သွားတာ။ ဖုန်းကို လုံးဝ ဆက်မရတာ။ သူဘယ်သွားလဲလို့ ဖုန်းကို လှမ်းဆက်တဲ့အချိန် ဖုန်းကို ဆက်လို့ မရတော့တာ” ဟု နီးစပ်သူတစ်ဦးက ဆိုသည်။

အဆိုပါ ယာဉ်မောင်း၏ တယ်လီဖုန်းသို့ ဇွန်လ ၇ ရက် နံနက်ပိုင်း ၇ နာရီခွဲ အချိန်ခန့်တွင် မည်သည့်နေရာသို့သွားနေကြောင်း သိလိုသည့်အတွက် ဖုန်းဆက်မရရာက စတင်ကာ ပျောက်ဆုံးကြောင်းကို သိရခြင်းဖြစ်ပြီး ဖုန်း GPS က နံနက် ၆ နာရီအချိန်တွင် မြောက်ဥက္ကာလာပမြို့နယ်၊ ဓမ္မာရုံမှတ်တိုင်အနီး စကားဝါလမ်းထိပ်တွင် ရှိခဲ့သည်ဟု ပြသည့်အတွက် အဆိုပါ နေရာသို့လည်း သွားရောက်ခဲ့သေးကြောင်း ၎င်းက ဆိုသည်။

“ရဲစခန်းမှာတော့ အမှုဖွင့်ထားပါတယ်။ ကားပျောက်၊ လူပျောက်ပေါ့။ ရပ်ကွက်ရုံးမှာလည်း အကြောင်းကြားထားပါတယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပါက သိရှိရလျှင် ဖုန်းနံပတ် 09795293098/ 09266153100/ 09772929112 တို့ကို ဆက်သွယ်အကြောင်းကြားစေလိုကြောင်းလည်း မိသားစုက အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *