April 18, 2024

ကာကော့ဗ်ကာဆည် ကျိုးပေါက်မှုကြောင့် ခါဆန်ဒေသအတွင်း အိမ်ခြေများ ရေလွှမ်းမိုးနေသည်ကို တွေ့ရစဉ်

၈. ၆. ၂၀၂၃
Translated by Htwe Ko Tun

ယူကရိန်းနိုင်ငံ၏ အဓိကဆည်တစ်ခုဖြစ်သည့် ဒီနစ်ပါမြစ်ပေါ်တွင် တည်ဆောက်ထားသော ကာကော့ဗ်ကာဆည်မှာ ယူကရိန်းစစ်ပွဲအတွင်း ဇွန်လ ၂ ရက်က ကျိုးပေါက်ပျက်စီးခဲ့ရမှုကြောင့် မြစ်ကမ်းပါးတစ်ဖက် တစ်ချက်စီတွင်ရှိသော ရုရှားထိန်းချုပ်နယ်မြေနှင့် ယူကရိန်းထိန်းချုပ်နယ်မြေနှစ်ခုစလုံးတွင် ရေလွှမ်းမိုးမှုများဖြစ်ပွားလျက်ရှိရာ ဇွန်လ ၈ ရက်နံနက်တွင် ရေလွှမ်းမိုး‌ခြင်းခံရသောနယ်မြေမှာ အကျယ်အားဖြင့် စတုရန်းကီလိုမီတာ ၆၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။

ရေလွှမ်းမိုးခြင်းခံနေရသော ခါဆန်ဒေသ အုပ်ချုပ်ရေးမှူးအိုလက်ဆန့် ပရိုကူဒင်က “ရေလွှမ်းမိုးမှုရဲ့ ပျမ်းမျှ အနက်က ၅ ဒသမ ၆၁ မီတာရှိတယ်။ ခါဆန်ဒေသအတွင်းမှာဆိုရင် စတုရန်းကီလိုမီတာ ၆၀၀ ကျော် ရေနစ်မြုပ်နေတယ်။ မြစ်ရဲ့ညာဘက်ကမ်းပါးမှာ ၃၂ ရာခိုင်နှုန်းလောက်ရှိပြီး ဘယ်ဘက်ကမ်းပါးမှာ ၆၈ ရာ ခိုင်နှုန်းလောက်ရှိမယ်” ဟုပြောခဲ့သည်။

၎င်းက ရုရှားထိန်းချုပ်ထားသောနယ်မြေများတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အလွန်ခက်ခဲကြောင်း၊ သို့သော် ရုရှားတို့၏ ပစ်ခတ်မှုများကြားမှပင် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းထိန်းချုပ်နယ်မြေများအတွင်း ရေလွှမ်းမိုးဒေသများမှ ရွှေ့ပြောင်းကယ်ဆယ်ပေးခဲ့ရသူမှာ ကလေး ၁၀၃ ဦးအပါအဝင် လူ ၁,၉၉၅ ဦးရှိကြောင်း သိရသည်။ အိမ် ၂,၆၂၉ လုံးရေနစ်မြုပ်ကာ ဒေသခံ ပြည်သူအများအပြားမှာလည်း မိမိတို့အိမ်ရာများကို စွန့်ခွာထွက်ပြေးကြရကြောင်း သိရသည်။

Rep—-Barron’s Daily

Leave a Reply

Your email address will not be published. Required fields are marked *

Related News