April 28, 2024

၆. ၅. ၂၀၂၃
Written by Tha Doe

မြန်မာနိုင်ငံသည် မြေပေါ်သယံဇာတဖြစ်သည့် သစ်နှင့်ဝါးကုန်ကြမ်းများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သောကြောင့် တစ်ခါသုံးပလတ်စတစ်အစားထိုးသုံးပစ္စည်းများကို စနစ်တကျထုတ်လုပ်နိုင်သည့် အခြေခံများရှိထားပြီးဖြစ်သည့်အပြင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်အနေဖြင့် သစ်တောများ စနစ်တကျ ပြုပြင်ထိန်းသိမ်း စိုက်ပျိုးထုတ်လုပ်ခြင်းကို ကမ္ဘာတွင်စံပြအဖြစ် ကောင်းစွာပြုလုပ်နိုင်ကြောင်း ဇွန်လ ၅ ရက်က ပြုလုပ်သည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားသည်။

လက်ရှိနှစ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်အဖြစ် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ (Solutions to Plastic Pollution)”ဟု သတ်မှတ်ထားသည့်အတွက် ပလတ်စတစ် အစားထိုးစက္ကူမျိုးစုံ ထုတ်လုပ်ခြင်းကို သစ်တောများ ပြန်လည်ထိန်းသိမ်းခြင်း အနေဖြင့် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် “မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာ” နှင့် “ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)” တွင် ရည်မှန်းချက် ပန်းတိုင်(၆)ခုကို အခြေခံချမှတ်ထားပြီး ပလတ်စတစ်ညစ်ညမ်းမှုကို အဓိကဦးစားပေး ဖြေရှင်းရန် သတ်မှတ်ထားသည့်အပြင် မြန်မာနိုင်ငံသည် “ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ်ပစ္စည်းများနှင့် ၎င်းတို့၏စွန့်ပစ်မှုအား နယ်စပ်ဖြတ်ကျော်သယ်ဆောင်ခြင်းကို ထိန်းချုပ်ခြင်းဆိုင်ရာ ဘာဆယ်ကွန်ဗင်းရှင်း” ၏ အဖွဲ့ဝင်နိုင်ငံအနေဖြင့် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများတင်သွင်း၊ တင်ပို့ခြင်းကိစ္စရပ်များအပေါ် ကွန်ဗင်းရှင်းပါ ကတိကဝတ်များနှင့်အညီ “ပတ်ဝန်းကျင်မထိခိုက်စေသော ခိုင်လုံသည့်အစီအမံ (Environmentally Sound Management)” နှင့် ဆောင်ရွက်လျက်ရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့အတူပြည်တွင်းမှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းအပါအဝင် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် စွန့်ပစ်ပစ္စည်းများကို တတ်နိုင်သမျှလျှော့ချရန်၊ ပြန်လည်သုံးစွဲရန်နှင့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင်ထုတ်လုပ်သည့် ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို အားပေးဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်တွင်း၌ မလိုလားအပ်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများမှ ရှောင်ရှားနိုင်ရန် ပြည်ပနိုင်ငံများက စွန့်ပစ်ပစ္စည်းများ တင်သွင်းလာမှုမရှိစေရေးအတွက်လည်း အထူးအလေးထားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက မှာကြားသည်။

ယခုနှစ်တွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ဆုကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာဆုကို ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့ အုန်းပင်စုကျေးရွာနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန် သော စက်ရုံဆုကို Global Earth Seafood Processing Plant and Cold Storage Facility Global Earth ARGO and AQUA Industry Public Company Limited တို့က ရရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News