March 29, 2024

၅. ၆. ၂၀၂၃
Written by Phyo Wei

တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဟာ MNDAA ၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့နဲ့ မိုင်းလားမှာ ငြိမ်းချမ်းရေးတွေ့ဆုံမှု ဆွေးနွေးခဲ့ပေမဲ့လည်း တစ်ဖက်မှာတော့ လခရတွေနဲ့ MNDAA ဟာ တိုက်ပွဲဲဖြစ်နေခဲ့သလို ဆွေးနွေးပွဲရလဒ်ကလည်း ထင်တိုင်းပေါက်ဟန်မရှိဘဲ နောက်အကြိမ်တွေမှာ ဆက်ဆွေးနွေးမှုဖြစ်စဉ်ဟာ ဒီတစ်ပတ်ရဲ့ ထူးခြားမှုဖြစ်စဉ်ပါပဲ။

အလားတူ စာသင်ကျောင်းတွေ ပြန်ဖွင့်ခဲ့တဲ့ ဒီရက်သတ္တပတ်မှာ ကလေးသူငယ်တွေနဲ့ စာသင်ကျောင်းတွေဟာ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်မဖြစ်သင့်ဘူးလို့ လူသားတိုင်းကမှတ်ယူထားကြပေမဲ့ မြန်မာနိုင်ငံက လူအများစုကတော့ ဒါကို သိရှိနားလည်ပုံမရတဲ့အပြင် စာသင်ကျောင်း ရာထောင်ချီဟာ ဗုံးခွဲ၊ မီးရှို့ဖျက်ဆီးခံထားရသလို ဆရာ၊ ဆရာမ ၇၀ ကျော်လည်း သတ်ဖြတ်ခံထားရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကထက် ကလေးငယ် ၈၅၀၀၀၀ ကျော် ကျောင်းပိုအပ်သလို ကျောင်းတက်များလာတာကိုလည်း မနှစ်သက်သူတွေက ထုံးစံအတိုင်း စာသင်ကျောင်းနှစ်ကျောင်းကို မီးရှို့မိုင်းခွဲဖျက်ဆီးမှုတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ NUG အတွက် လက်နက်ထုတ်ပေးနေတဲ့ နေအိမ်တစ်ခုကို ဖမ်းမိပြီးတဲ့နောက်မှာ မဲဆောက်ဘက်က မြန်မာနိုင်ငံသားတွေကို ဆက်တိုက်ဖမ်းဆီးတဲ့အကြောင်း၊ NUG က သူ့ရဲ့ တိုက်ခိုက်မှုအရှိန်မြှင့်ဖို့ ရန်ကုန် UG တွေကို စုစည်းပြီး ရန်ကုန်တပ်ရင်းကို ဖွဲ့စည်းလိုက်တဲ့အကြောင်းနဲ့ ရွေးကောက်ပွဲမကျင်းပခင် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ရမဲ့အကြောင်းတွေကို သုံးသပ်ပြချင်ပါတယ်။

“မဲဆောက်ဘက်က ဖမ်းဆီးမှု”

ထိုင်းရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မဲဆောက်မြို့မှာနေတဲ့ တရားမဝင် ရွေ့ပြောင်း မြန်မာနိုင်ငံသားတွေကို ရှာဖွေဖမ်းဆီးရာမှာ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် လုံခြုံရေးကို အမြင့်ဆုံး တပ်လှန့်ထားသလို ရှာဖွေ ဖမ်းဆီးတာကိုလည်း အရှိန်မြှင့်လုပ်နေပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၄ ရက်မှာ နစကကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ NUG အပါအဝင်လက်နက်ကိုင်တွေအတွက် လက်နက်ထုတ်လုပ်ပေးနေတဲ့ မဲဆောက်မြို့က အိမ်ကို စီးနင်းခဲ့ပြီးတဲ့နောက် အခုလို အရှိန်မြှင့်လာခဲ့တာ ဖြစ်တယ်လို့ သိရပြီး အဲ့ဒီလို စီးနင်းခဲ့တုန်းက ဖမ်းဆီးမိသူတွေမှာ အနည်းဆုံး လူ ၆ ဦးလောက် က လက်နက်ထုတ်လုပ်မှုမှာ ပါဝင်ဆက်နွှယ်နိုင်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောထားပါသေးတယ်။

မဲဆောက်မြို့က မြန်မာနိုင်ငံသားတွေကို ကူညီပေးနေတဲ့ Joint Action Committee for Burmese Affairs အဖွဲ့ ဥက္ကဋ္ဌဦးမိုးကျော်ကလည်း ဒီလိုဖမ်းဆီးမှုတွေဟာ ထိုင်းနဲ့ မြန်မာနယ်စပ်ဒေသ မယ်တော်ဆေးခန်းနားမှာ ဖမ်းဆီးခံရသူတွေ ရှိသလို ဈေးတွေမှာ ဖမ်းဆီးခံရသူတွေလည်းရှိခဲ့ပြီး နယ်စပ်ဖြတ်သန်းခွင့်နဲ့ နေထိုင်ခွင့် အထောက်အထားတွေမပြနိုင်လို့ ဖမ်းဆီးခံရတာမျိုးဖြစ်တဲ့အကြောင်းနဲ့ သိရသလောက် မေလ ၂၃ ရက်နေ့ တစ်ရက်တည်းမှာပဲ မဲဆောက်မြို့မှာနေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၅၀ လောက် ဖမ်းဆီးခံရတယ်လို့ ပြောပါတယ်။ ဖမ်းဆီးခဲ့သူတွေထဲ တချို့ကို အာမခံပေးပြီး တချို့ကို မိခင်နိုင်ငံဆီ ပြန်လွှတ်တာအပြင် ဒီရက်ပိုင်းထဲ ထိုင်းအာဏာပိုင်တွေက တရားဝင် မှတ်ပုံတင်မထားတဲ့ အသေးစား အထည်ချုပ်စက်ရုံတွေကို စီးနင်းပြီး တရားမဝင် အလုပ်သမားတွေကို ဖမ်းတယ်လို့လည်း ရွေ့ပြောင်းအလုပ်သမားတွေကို ကူညီသူ မနှင်းဆီက ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ သူ့နိုင်ငံထဲကို လက်နက်ကိုင်မှန်းသိလျက်ပေးဝင်ခဲ့တဲ့ ပြဿနာတွေကို လက်ရှိအချိန်မှာ အကြီးအကျယ်ရင်ဆိုင်နေရပြီး NUG ကလူတွေကလည်း သူ့နိုင်ငံထဲမှာ ရန်ကုန်တက္ကသိုလ်က CDM တွဲဘက်ပါမောက္ခရဲ့သမီးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်တဲ့ NLD ပါတီအတွင်းရေးမှုးကို PDF တွေက ဝင်ဖမ်းတဲ့အထိကို မထီမဲ့မြင်ဒဏ် ခံနေရတာပါ။ ဒါ့အပြင် ပြန်ပေးဆွဲမှုတွေ၊ အွန်လိုင်းလိမ်လည်မှုတွေနဲ့ နာမည်ကျော်နေတဲ့ ရွှေကုက္ကိုလ်မြို့သစ်နဲ့ KNU ထိန်းချုပ်ရာ လေးကေ့ကော်ကို လျှပ်စစ်မီးပေးနေတာတွေကို ရပ်တန့်ဖို့ကြိုးစားနေပေမဲ့လည်း မီးဖြတ်ရင် လမ်းတံတားတွေပိတ်ဆို့ဖို့ လက်နက်ကိုင်ထားသူတွေက ခြိမ်းခြောက်မှုဒဏ်လည်း ခံနေရသေးလို့ ကိုယ်မွေးတဲ့မျောက်တွေ ကိုယ့်ပြန်ခြောက်နေတဲ့ဒဏ်ကို ထိုင်းက ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။

“ရန်ကု​န်ကို ပိုတိုက်ခိုက်မဲ့ NUG “

ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ဗုံးခွဲတာ အများဆုံးတိုင်းတစ်ခုဖြစ်တဲ့ ရန်ကုန်တိုင်းက မြို့ပြပြောက်ကျား UG တွေကို စုဖွဲ့ပြီး NUG က ရန်ကုန်တပ်ရင်း ၅၁၀၁ ကို စတင် ဖွဲ့စည်းလိုက်တယ်လို့ ဇွန်လ ၁ ရက်မှာ ကြေညာလိုက်ပါတယ်။ လက်ရှိမှာ NUG နဲ့ PDF တွေက လုံခြုံရေးတွေ အပါအဝင် ပြည်သူ ၃၀၀၀၀ ကျော် သတ်ဖြတ်ထားပြီး မကြာခင် ဗုံးခွဲသတ်ဖြတ်မှုတွေ ပိုများလာဖွယ်ရှိတယ်လို့လည်း သုံးသပ်မှုတွေ ရှိလာနေပါတယ်။

ရန်ကုန်မြို့မှာ လုပ်ကြံတိုက်ခိုက်မှုတွေကြည့်မယ်ဆိုရင် တပ်မတော်သားတို့၊ ရဲတို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတာထက် လက်နက်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး ချောင်းမြောင်းသတ်ဖြတ်တာက ပိုများနေသလို လေ့လာချက်အရဆိုရင် လက်နက်မဲ့ပြည်သူ ၁၀ ယောက်လောက်သတ်ပြီးမှ လခရတွေကို တစ်ကြိမ်လောက်ပဲ တိုက်ခိုက်တာများပြီး ဒါတောင်မှ အလစ်မှာပစ်ပြေးတာမျိုးလောက်ပဲလုပ်တဲ့အခြေအနေပါလို့ NUG နဲ့ PDF တွေကို လက်မခံပဲ လွှတ်တော်နိုင်ငံရေးကို စောင့်မျှော်နေပြီး PR ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ စောင့်နေသူတစ်ယောက်က သုံးသပ်ပါတယ်။

NUG ရဲ့ PDF တွေဟာ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူ ၃၀၀၀၀ လောက်ကို နှစ်နှစ်အတွင်း သတ်ဖြတ်ထားတယ်လို့ NUG က မေလ ၃ ရက်မှာ ထုတ်ပြန်တဲ့ “အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၂) နှစ်ပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်း”အစီရင်ခံစာမှာ ဖော်ပြထားပြီး ဒီသတ်ဖြတ်မှုဟာ SAC ကြောင့် သေဆုံးရတယ်လို့ AAPP ပြောထားတဲ့ ပမာဏထက်လည်း ဆယ်ဆလောက် ပို များနေပါသေးတယ်။

လက်ရှိမှာကို NUG ရဲ့ ရန်ကုန်တပ်ရင်း ၅၁၀၁ ဖွဲ့ပြီးတဲ့နောက်မှာ ဒဂုန်ဆိပ်ကမ်းရဲစခန်းကို PDF တွေက ဗုံးခွဲပစ်ခတ်ခဲ့သလို ဒီနေ့မှာလည်း ပန်းဆိုးတန်းက ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို ဗုံးခွဲတာကြောင့် ဝန်ထမ်းနဲ့ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။ သေချာတာကတော့ NUG ရဲ့ ရန်ကုန်တပ်ရင်း ၅၁၀၁ ဟာ ဖွဲ့စည်းပြီးစမှာ လုပ်ကွက်ပြနိုင်ဖို့ လိုအပ်လာတာကြောင့် သေနတ်ပစ်တဲ့ အလေ့အထနည်းတဲ့ ရဲစခန်းတွေ လက်နက်မဲ့ အစိုးရရုံးတွေဟာ အဓိကပစ်မှတ်ဖြစ်လာဦးမှာဖြစ်သလို ပိုပြီးတော့ ထိခိုက်နိုင်တာကတော့ ကြားထဲက မြေစာပင် ပြည်သူပါပဲ။

“ရွေးကောက်ပွဲမစခင် လုပ်ဆောင်သင့်တယ်ဆိုတဲ့ အားလုံးပါဝင် တွေ့ဆုံရေး”

ရွေးကောက်ပွဲမကျင်းပခင် မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ဖို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နိုလန်ဟေဇာ တိုက်တွန်းခဲ့သလို “Inclusive Political Dialogue” မရှိဘဲ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုမိုဖြစ်လာနိုင်မဲ့ အန္တရာယ်တွေ ရှိလာမယ်လို့လည်း သူမက ပြောလာပါတယ်။

“အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေမလုပ်ဘူးဆိုရင် နစက က ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ အန္တရာယ်တွေ ပိုမိုဖြစ်လာနိုင်တယ်။ နိုင်ငံသားတွေရဲ့ ရပိုင်ခွင်တွေကို လွတ်လပ်စွာကျင့်သုံး လုပ်ဆောင်ခွင့်ပေးရမယ်”လို့ နိုလန်ဟေဇာက ပြောခဲ့တာပါ။

ဒါဟာ ဇွန်လ ၁၂ ရက်မှာ အနားယူတော့မဲ့ နိုလန်ဟေဇာက NUG အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဒေါ်ဇင်မာအောင်နဲ့ တွေ့အပြီးမှာ ပြောခဲ့တာဖြစ်ပြီးဒီလို ပြောကြားချက်ဟာ NUG ရဲ့ ရွေးကောက်ပွဲမပျက်ပျက်အောင် ဖျက်မယ်ဆိုတဲ့ ကြုံးဝါးသံ၊ ၂၀၂၃ ဟာ အဆုံးသတ်အတွက် အဆုံးအဖြတ်နှစ်ဆိုတဲ့ သတ်မယ်ဖြတ်မယ်ဆိုတဲ့စကားသံချည်းကြားခဲ့တာကြောင့် သတိပေးတာလား တွေးစရာလည်းဖြစ်ခဲ့ပါသေးတယ်။ သေချာတာကတော့ လက်နက်ကိုင်တိုက်ပွဲတိုင်းဟာ လက်နက်ကိုင်ထားသူတွေရဲ့ အကျိုးအမြတ်ကိုပဲ ဖော်ဆောင်တာဖြစ်လို့ ကြားထဲက ငထွား ခါးနာနေရတဲ့ မြန်မာပြည်သူတွေဟာ ဆယ်စုနှစ်ချီ သတ်ဖြတ်ခံနေရတဲ့ ကျီးလန့်စာစား ဘဝမှာနေမလား။ နစက ကို ရွေးကောက်ပွဲဖြစ်အောင်တိုက်တွန်းပြီး ရွေးကောက်ပွဲက တက်လာတဲ့အစိုးရတစ်ရပ်ဆီမှာ အချိန်တိုတိုနဲ့ ပြည်သူ့အသံပြန်ထွက်လာအောင် အရပ်သားအစိုးရနဲ့ သွားတာကောင်းမလားဆိုတာ ကိုယ်ပိုင်ဦးနှောက်နဲ့ ချိန်ဆသင့်ပါပြီ တိုက်တွန်းရင်း ဒီတစ်ပတ်ရဲ့နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *