၁. ၆. ၂၀၂၃
Written By Thandar

ပရဟိတအဆိုတော်ကြီး ထူးအယ်လင်းတို့အဖွဲ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ကျေးရွာတွေကို စားနပ်ရိက္ခာနဲ့ အဝတ်အထည် အမိုးအကာတွေ လှူဒါန်းခဲ့ပါတယ်လို့ အဆိုတော် ညီမင်းခိုင်က MT News ကို ပြောပါတယ်။

“ကျွန်တော်တို့ဆီကို ကိုငယ်(ထူးအယ်လင်း)တို့အဖွဲ့က လာရောက် လှူဒါန်းတာပါ။ ကျွန်တော်တို့က လူ အရောက်အပေါက်နည်းတဲ့နေရာတွေ၊ ချို့တဲ့တဲ့ နေရာတွေကို ၂ ရက်စာ ၃ ရက်စာလောက် စားလို့ဖြစ်အောင် သွားလှူကြတာပါ။ Boat အကြီးကြီးနဲ့ စစ်တွေကနေသွားရတယ်။ ၁ နာရီခွဲလောက် မောင်းပြီး ချောင်းသေးသေးထဲ ဝင်ခဲ့ရတယ်။ စက်လှေသေးသေးနဲ့ထပ်သွားခဲ့ရတယ်။ ဒီရေကျချိန်မှာ ရှေ့ဆက်သွားလို့ မရလို့ လမ်းတွေ ဆင်းပြီး လျှောက်ရတယ်။ ကိုငယ်တို့ ဒီအဖွဲ့နဲ့ ကျွန်တော့်ရဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေကတော့ ဆန် ၂၀ အိတ်ပူး ပေါင်း ပါဝင်လှူဒါန်းလိုက်ပါတယ်။ ကျွန်တော်တို့တွေ ရွာ ၄ ရွာကို လှူခဲ့ပါတယ်”လို့ အဆိုတော် ညီမင်းခိုင်က MT News ကိုပြောပါတယ်။

အဆိုပါ ရခိုင်ပြည်နယ် ခရီးစဉ်အနေနဲ့ ရသေ့တောင်မြို့နယ် နေပူခံ ၊ ပေါင်းစား ၊ ကောင်းရီချောင်းနဲ့ ကျွန်းချောင်း ကျေးရွာတွေအတွက် ထူးအယ်လင်းတို့အဖွဲ့က ဆန် ၊ မျှင်ငါးပိ ၊ ငံပြာရည်ကြော် ၊ အဝတ်အထည် ၊ အမိုးအကာအတွက် တာလပတ် ၆ ပေ ကိုက် ၁၀၀ နဲ့ ၁၀ ခုခွဲပြီး ဝေငှလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ဇွန်လ ၂ ရက်နေ့မှာလည်း အဆိုတော် ညီမင်းခိုင်တို့အဖွဲ့အနေနဲ့ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ စစ်တွေမြို့နယ် ဝါဘိုရွာကို သွားရောက်လှူဒါန်းသွားမယ်လို့ သိရပါတယ်။

“လက်ရှိအချိန်မှာ အဓိက အမိုးအကာတွေနဲ့ ဆန်တွေ လိုအပ်နေတာပါ။ မုန်တိုင်းက နောက်တစ်လုံးဝင်မယ်ကြားနေတော့ စိုးရိမ်မိတယ်။ သဘာဝဘေးဆိုတော့ သတိနဲ့ပဲနေရမယ်။ တာလပတ်မိုးထားတဲ့ အိမ်တွေကတော့ မုန်တိုင်းဝင်မယ့်နေမှာ ပြန်ဖြုတ်ထားတာ ကောင်းလိမ့်မယ်ထင်တယ်။ အားလုံးကို သတိနဲ့ နေထိုင်စေချင်ပါတယ်။ လှူချင်တဲ့ ဆန္ဒရှိရင်တော့ ကျွန်တော့်ဆီပဲ ဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းမှာ လှူလှူ အဓိက ပြည်သူတွေဆီ ရောက်ဖို့လိုပါတယ်။ ကျွန်တော့်ရဲ့ K pay 09402010020 ပါ။ မှန်မှန်ကန်ကန်လုပ်နေကြတဲ့သူတွေကို လှူပေးပါလို့ ပြောချင်ပါတယ်”လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *