၁. ၆. ၂၀၂၃
Written by Nay Moe

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့အတွင်းရှိ အထက်တန်းကျောင်းများနှင့် အချို့ကျောင်းခွဲများအား ဖွင့်လှစ်ခြင်းမပြုကြရန် Hopin Hunter PDF အဖွဲ့က ခြိမ်းခြောက်နေသည်ဟု သိရပြီး ဟိုပင်မြို့အထက်တန်းကျောင်း ကျောင်းအုပ်ကြီးကိုလည်း ကျောင်းမဖွင့်ရန် ကျည်ဆံတစ်တောင့်နှင့် စာပေးပို့ခြိမ်းခြောက်သည့် စာမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

Hopin Hunter အမည်ခံ PDF အဖွဲ့က ပေးပို့လာသည့် ခြိမ်းခြောက်စာတွင် Non CDM အချို့သည် စစ်တပ်၏ထောက်တိုင်များအဖြစ် နစက၏ ယန္တရားတွင် ပါဝင်လှုပ်ရှားနေမှုများကို ရပ်တန့်ရန် အကြိမ်ကြိမ်သတိပေးပြီးဖြစ်ကြောင်း၊ ဆက်လက်လှုပ်ရှားဆောင်ရွက်ပါက လူကြီးမင်းတို့၏ အသက်အိုးအိမ်စည်းစိမ်များတွင် လုံးဝ အာမ မခံနိုင်ကြောင်း၊ နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်ကြောင်း၊ သွေးစွန်းလက်ဖြင့် မြေ ဖြူမကိုင်ရန်လည်း ခြိမ်းခြောက်ထားသည်။

ထို့အတူ ထိုခြိမ်းခြောက်စာတွင်ပင် အထက (စက်ကုန်း)၊ အထက(မြသီတာ) နှင့် မြို့မရဲစခန်းတို့ကိုပါ ပူးတွဲခြိမ်းခြောက်ထားသည်ကို တွေ့ရသည်။

၂၀၂၁ ဖြစ်စဥ်အပြီးတွင် NUG နှင့် PDF များက လက်နက်မဲ့ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းများကို “စကစယန္တရားလည်ပတ်အောင် ကူညီထောက်ပံ့သည်” စွပ်စွဲချက်ဖြင့် လိုက်လံသတ်ဖြတ်မှုများပြုသည့်အတွက် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၃ ဇန်နဝါရီလကုန်အထိ ဆရာ၊ ဆရာမများ၊ ပညာရေးမှူးများအပါအဝင် ပညာရေးဝန်ထမ်း ၆၆ ဦးသတ်ဖြတ်ခံထားရပြီး ၂၅ ဦး ဒဏ်ရာရရှိထားသည်။ ထို့ပြင် NUG၊ CRPH နှင့် PDF များက စာသင်ကျောင်း၊ တက္ကသိုလ်/ကောလိပ်များအား ဗုံးခွဲတိုက်ခိုက်မှု ၅၂၈ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်၊ စာသင်ကျောင်းများ မဖွင့်ရန် ခြိမ်းခြောက်မှု ၁၁၅ ကြိမ်ဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *