၁. ၆. ၂၀၂၃
Written by Pan Ei

ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်တွေမှာ မရှုံးနိမ့်ခဲ့ဖူးတဲ့ ဆီဗီးလားအသင်းနဲ့ နည်းပြဘဝမှာ ဥရောပဖလားဖိုင်နယ်ပွဲတွေ ရှုံးပွဲမရှိဖူးတဲ့ မော်ရင်ဟိုရဲ့ ရိုးမားအသင်းတို့ မနေ့ညက ယူရိုပါလိဂ်ဖိုင်နယ်ပွဲယှဉ်ပြိုင်ကစားခဲ့ရမှာတော့ ပင်နယ်တီအဆုံးအဖြတ်နဲ့ ဆီဗီးလားအသင်းက အနိုင်ရရှိခဲ့ပြီး ၇ ကြိမ်မြောက်ယူရိုပါလိဂ်ဖိုင်နယ်ပွဲမှာ ၇ လုံးမြောက်ဖလားကို စံချိန်တင် ရရှိခဲ့ပါတယ်။

ဆီဗီးလားအသင်းဟာ ယူရိုပါလိဂ်ဖိုင်နယ်ပွဲမှာ ရိုးမားအသင်းနဲ့ယှဉ်ပြိုင်ခဲ့ရာမှာတော့ အချိန်ပိုပြီးတဲ့အထိ ၁ ဖက် ၁ ဂိုးစီနဲ့ သရေကျနေခဲ့တာကြောင့် ပင်နယ်တီနဲ့ အဆုံးအဖြတ်မှာတော့ ၄ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ပွဲကို ဗိုလ်ဆွဲသိမ်းပိုက်နိုင်ခဲ့တာ ကြောင့် ၇ လုံးမြောက်ဆုဖလားကို ကိုင်မြောက်နိုင်ခဲ့တာပါ။

မနေ့ညက ပွဲစဉ်မှာ ဆီဗီးလားရဲ့ လူစွမ်းကောင်းဖြစ်ခဲ့တဲ့ ဂိုးသမား ဘိုနိုရဲ့ ပြောင်မြောင်လှတဲ့ လက်စွမ်းပြမှုတွေကြောင့် တစ်ဖက်အသင်းကို ပင်နယ်လ်တီဂိုးတွေ မပေးခဲ့ရဘဲ ဆီဗီးလားအသင်းအနေနဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ကာ ယူရိုပါလိဂ်ရာသီ စုစုပေါင်း ၁၈ ခုမှာ ၇ ကြိမ်အထိ ချန်ပီယံဆုရရှိထားပြီး ယူရိုပါလိဂ်သမိုင်းတစ်လျှောက် ဆုဖလားကို အများဆုံးရရှိထားတဲ့ အသင်းလည်းဖြစ်လာခဲ့ပါတယ်။

မော်ရင်ဟိုဟာ မနှစ်က ရိုးမားအသင်းကို ယူရိုပါလိဂ် ကွန်ဖရင့် လိဂ်ဖလား ဆွတ်ခူးနိုင်စေခဲ့ပြီး သူရဲ့နည်းပြဘဝမှာ ဥရောပ ဖိုင်နယ်ပွဲ ၅ ကြိမ်စလုံး ရှုံးပွဲမရှိခဲ့ဘဲ ဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးသော နည်းပြ ဖြစ်ခဲ့ပေမယ့် မနေ့ကပွဲမှာတော့ သူရဲ့ စံချိန်ဟာ ပျက်စီးခဲ့ရပါတယ်။

ဖိုင်နယ်ပွဲအပြီးမှာတော့ ငွေတံဆိပ်ရရှိခဲ့တဲ့ မော်ရင်ဟိုဟာ အဆိုပါဆုကို ပရိသတ်တွေဆီ ပစ်ပေးခဲ့ပြီး “ငွေတံဆိပ်တွေ မလိုချင်ဘူး။ ငွေတံဆိပ်တွေဆို မသိမ်းထားဘူး၊ ဒါကြောင့် ငါပေးလိုက်တာ” လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *