၁. ၆. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဖြစ်သော နိုလန်ဟေဇာသည် လာမည့် ဇွန်လအတွင်း ရာထူးက နုတ်ထွက်အနားယူသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်လိုက်သည်။

စင်ကာပူနိုင်ငံသားဖြစ်သောနိုလန်ဟေဇာသည် မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်အောက်တိုဘာလတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် အဖြစ်တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က နိုလန်ဟေဇာသည် ၎င်း၏ စာချုပ်သက်တမ်းကုန်ဆုံးမည့် ဇွန်လ ၁၂ ရက်နေ့တွင် ရာထူးမှ အနားယူတော့မည်ဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။ နိုလန်ဟေဇာသည် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် လပေါင်း ၂၀ နီးပါးကြာတာဝန်ယူခဲ့သူဖြစ်ကြောင်းသိရသည်။

နိုလန်ဟေဇာသည် ပြီးခဲ့သောနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် နစက တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။ နိုလန်ဟေဇာသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း အကြမ်းဖက်မှုများကိုရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ကို ပြန်ပို့ရန် ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိရန်အပြင် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်လျှောက်လှမ်းရန် တိုက်တွန်းပြောဆိုခဲ့ဖူးကြောင်း သိရသည်။

ဒူဂျာရစ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှုများပြန်လည်ရရှိစေရန်နှင့် မြန်မာပြည်သူများအတွက် နိုလန်ဟေဇာ၏ ကြိုးပမ်းမှုများအပေါ် ကျေးဇူးတင်ကြောင်း ပြောသည်။ နိုလန်ဟေဇာသည် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့စည်းဖြစ်သော UNIFEM တွင် Executive Director အဖြစ် ၁၉၉၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိတာဝန်ယူခဲ့ဖူးသလို ကုလသမဂ္ဂ စီးပွားရေးနှင့် လူမူရေးကော်မရှင်အဖွဲ့၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ Executive Secretary အဖြစ် ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးကြောင်း သိရသည်။

Ref——-foxnews

Leave a Reply

Your email address will not be published. Required fields are marked *