April 25, 2024

ထိုစက်ရုံတွင် မြန်မာလုပ်သားများမရှိဘဲ ထိုင်းနှင့် ဂျပန်လုပ်သားများသာရှိပြီး ထုတ်ခံရသည်မှာလည်း ထိုင်းလုပ်သား ၄၁၆ ဦးသာဖြစ်

၃၁. ၅ . ၂၀၂၃
Written by Nay Moe

အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများ၌ ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ အူထိုင်းမြို့နယ် ရှိ Pioneer Manufacturing (Thailand) Co., Ltd မှ အလုပ်သမားများ အလုပ်ထုတ်ခံရမှု သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် မှန်ကန်မှု ရှိ/မရှိ စိစစ်ခဲ့သည်။

မေ ၂၄ ရက်နေ့က VOA Burmese Facebook လူမှုကွန်ရက်စာမျက်နှာ၌ “ထိုင်းနိုင်ငံ၊ အယုဒ္ဓယ အူထိုင်းမြို့နယ်တွင် မြန်မာအလုပ်သမား ၄၁၁ ဦးကို အလုပ် ထုတ်ပယ်ကြောင်း Pioneer Manufacturing (Thailand) Co., Ltd က ကြေညာပြီး နစ်နာကြေးအဖြစ် စုစုပေါင်း ဘတ် ၉၇ သန်းနီးပါးပေးခဲ့ပေမယ့် ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာ ဆူချတ်ချွမ်ကလင်က ဒါဟာ လုပ်ထုံးလုပ်နည်းနှင့်ညီမညီ စစ်ဆေးရန်နှင့် အလုပ်လက်မဲ့ ဖြစ်နေသူများအတွက် လူမှုဖူလုံရေးခံစားခွင့်ရရှိရန်အတွက် နယ်မြေတာဝန်ရှိသူတွေကိုကူညီဖို့ ညွှန်ကြားထားကြောင်း” သတင်းဖော်ပြခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိအလုပ်သမား သံအရာရှိရုံးမှ ထိုင်းအလုပ်အကိုင်ဌာနနှင့် အယုဒ္ဓယနယ်မြေ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးရုံးတို့ထံ ဆက်သွယ်စုံစမ်းခဲ့ရာ Pioneer Manufacturing (Thailand) Co., Ltd သည် ကားအတွင်းပိုင်း အသံပိုင်းဆိုင်ရာ လျှပ်စစ်ပစ္စည်း အပိုထုတ်လုပ်သည့် လုပ်ငန်းဖြစ်ပြီး လုပ်သားဦးရေ ၁၅၄၉ ဦးဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊ စက်ရုံ၌ အမှာစာကျဆင်းမှုကြောင့် အလုပ်သမား ၄၁၆ ဦးအား မေ ၁၉ ရက်နေ့တွင် အလုပ်မှ ရပ်စဲခဲ့ကြောင်းနှင့် အလုပ်မှ ရပ်စဲခံရသည့် အလုပ်သမား ၄၁၆ ဦးတွင် မြန်မာအလုပ်သမားများ ပါဝင်ခြင်းမရှိဘဲ ထိုင်း အလုပ်သမားများသာ ဖြစ်ကြောင်း သိရှိခဲ့ရသည်။

အထက်ပါ စုံစမ်းသိရှိမှုနှင့်စပ်လျဉ်း၍ တိကျမှန်ကန်စေရေးအတွက် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးမှ အလုပ်သမားသံအရာရှိသည် မေ ၂၆ ရက်နေ့တွင် အယုဒ္ဓယခရိုင်၊ အလုပ်အကိုင်ဌာန၊ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာနတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ အဆိုပါ Pioneer Manufacturing (Thailand) Co., Ltd မှ အမှာစာ ကျဆင်းမှုကြောင့် အလုပ်ရပ်စဲခဲ့သည့် အလုပ်သမား ၄၁၆ ဦးတွင် မြန်မာအလုပ်သမားများ မပါဝင်ပါကြောင်းနှင့် စက်ရုံတွင် မြန်မာအလုပ်သမားများ လုပ်ကိုင်နေခြင်းမရှိပါကြောင်း၊ ဂျပန်လူမျိုး အလုပ်သမား ခေါင်းဆောင်များနှင့် ထိုင်းအလုပ်သမားများသာ စက်ရုံ၌ လုပ်ကိုင်လျက်ရှိပါကြောင်း၊ အလုပ်ရပ်စဲသည့် ထိုင်းအလုပ်သမားများအတွက် အလုပ်သမားဥပဒေနှင့်အညီ နစ်နာကြေး၊ လျော်ကြေးများ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ VOA Burmese Facebook လူမှုကွန်ရက်စာမျက်နှာ၌ Pioneer Manufacturing (Thailand) Co., Ltd မှ မြန်မာအလုပ်သမား ၄၁၁ ဦးကို အလုပ်ထုတ်ပယ်ကြောင်းနှင့်ပတ်သက်သည့် သတင်းဖော်ပြထားမှုသည် မှန်ကန်မှုမရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက သတင်းမှန် ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *