April 26, 2024

MT News

Written by Nay Aung

မြန်မာနိုင်ငံသည် ပါကစ္စတန်၊ အာဖန်ဂန်နစ္စတန်နိုင်ငံတို့နှင့်အတူ ကမ္ဘာတဝှမ်းရှိ နိုင်ငံများအနက် စားနပ်ရိက္ခာမလုံခြုံမှုများကြောင့် အစားအစာငတ်မွတ်ခေါင်းပါးမှု အန္တရာယ်နှင့်ရင်ဆိုင်ရမည့် နိုင်ငံများထဲတွင် ပါဝင်လျက်ရှိနေကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့စည်းများဖြစ်သော FAO နှင့် WFP တို့သည် မေလ ၂၉ ရက်တွင် စားနပ်ရိက္ခာမလုံခြုံမှုများနှင့်ပတ်သက်ပြီးသတိပေးချက်ထုတ်ပြန်ခဲ့ရာ မြန်မာ၊ အာဖန်ဂန်နစ္စတန်၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင်၊ ဟေတီ၊ မာလီ၊ ဘူကီနာဖာဆို၊ ကင်ညာ၊ ကွန်ဂို၊ ဆီးရီးယား၊ အီသီယိုပီးယား၊ ဗဟိုအာဖရိက အစရှိသောနိုင်ငံပေါင်း ၂၂ နိုင်ငံတွင် ဆာလောင်မွတ်သိပ်မှုများနှင့် အစားအစာမလုံလောက်မှုများ ဖြစ်နိုင်မည့်အန္တရာယ်များရှိနေကြောင်း သတိပေးထားသည်။

စီးပွားရေးကျဆင်းခြင်းအပြင် ပြည်တွင်းပဋိပက္ခများ၊ ရေကြီးမှုများ၊ မုန်တိုင်းတိုက်ခတ်မှုများ၊ သဘာဝဘေး အန္တရာယ်များကြောင့် စားနပ်ရိက္ခာမလုံခြုံမှုများ ဖြစ်ပွားလာရခြင်းဖြစ်ကြောင်း FAO နှင့် WFP တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းပဋိပက္ခများဖြစ်ပွားနေခြင်းအပြင် နေရပ်စွန့်ခွာထွက်ပြေးသူဦးရေမြင့်တက်နေခြင်းကြောင့် လူဦးရေ ၁၅ ဒသမ ၂ သန်းသည် အစားအစာနှင့် ရှင်သန်နေထိုင်ရေးအတွက် အကူအညီများလိုအပ်လျက်ရှိနေကြောင်း၊ မြန်မာနိုင်ငံရှိကလေးငယ်နှင့်အမျိုးသမီး ၂ ဒသမ ၂ သန်းသည် ၂၀၂၃ ခုနှစ်အတွင်း အာဟာရပြည့်ဝစေမည့်အစားအစာများလိုအပ်မည်ဖြစ်ကြောင်း၊ကုလသမဂ္ဂအဖွဲ့စည်းအများ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါသတိပေးချက်ထဲတွင် ပါဝင်သောနိုင်ငံများအနေဖြင့်စားနပ်ရိက္ခာမလုံခြုံမှုများကြောင့် အစားအစာလိုအပ်ချက်များ လာမည့်လများအတွင်း ပိုမိုမြင့်တက်လာဖွယ်ရှိနေပြီး လာမည့်လများအတွင်း ရှင်သန်နေထိုင်ရေးနှင့်ပတ်သက်သည့် ခြိမ်းခြောက်မှုများ ပိုမိုရင်ဆိုင်ရဖွယ်ရှိနေကြောင်း FAO နှင့် WFP အဖွဲ့က ဆိုသည်။ မကြာသေးမီက ရခိုင်ပြည်နယ်ကို မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံရှိလူဦးရေများအနက် စားနပ်ရိက္ခာလုံလောက်မှုမရှိသော ဦးရေသည် ပြီးခဲ့သောနှစ်ဖြင့် နှိုင်းယှဉ်လျှင် ၂ ရာခိုင်နှုန်းတိုးလာဖွယ်ရှိနေကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောသည်။ ထို့အပြင် ၂၀၂၃ ခုနှစ်အတွင်း အမျိုးသမီးနှင့်ကလေးဦးရေ ၂ ဒသမ ၂ သန်းသည် အာဟာရပြည့်ဝရန်လိုအပ်နေရာ ပြီးခဲ့သော၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၁၀ ရာခိုင်နှုန်းမြင့်တက်လာဖွယ်ရှိနေကြောင်း ကုလသမဂ္ဂ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref——-UN

Leave a Reply

Your email address will not be published. Required fields are marked *

Related News