April 23, 2024

ရန်ကုန်နှင့် မန္တလေးချိတ်ဆက်မည့် ဒေါ်လာတစ်ဘီလျံချေးပေးမည့် မီးရထားစီမံကိန်း ရပ်ဆိုင်းဖွယ်ရှိ

၃၁. ၅. ၂၀၂၃
Written by Nay Aung

ဂျပန်အစိုးရသည် ပြီးခဲ့သော ၁၀နှစ်အတွင်း ဂျပန်နှင့် မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု အမှတ်သင်္ကေတအဖြစ် မှတ်ယူနိုင်သော မြန်မာ့မီးရထားလမ်းစီမံကိန်းအတွက် ခွင့်ပြုပေးထားသော ODA အမည်ရှိ ဖွံ့ဖြိုးတိုးတက်ရေးကူညီထောက်ပံ့မှုများကို ပြန်ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

ဂျပန်အစိုးရ၏ အဆိုပါဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ မီးရထားစနစ်အဆင့်မြင့်တင်ရေးအတွက် ဘဏ္ဍာငွေအကူအညီများ ယူနိုင်မှုအပေါ်  သက်ရောက်မှုများဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သိရသည်။ ဂျပန်အစိုးရသည် ၂၀၁၃ ခုနှစ်နောက်ပိုင်းကတည်းက မြန်မာနိုင်ငံ၏ မီးရထားစီမံကိန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကူညီထောက်ပံ့ပေးမှုများလုပ်ဆောင်ခဲ့ကြောင်း၊ သို့သော်လည်း ပြီးခဲ့သောနှစ် ဆောင်းဦးရာသီတွင် မီးရထားလမ်းစီမံကိန်းနှင့်ပတ်သက်ပြီး ကူညီထောက်ပံ့ပေးသောချေးငွေများ ဆက်လက်ကူညီပေးမည်မဟုတ်ကြောင်း အသိပေးအကြောင်းကြားခဲ့ကြောင်းသိရသည်။

မြန်မာအာဏာပိုင်များက ၎င်းတို့သည် ဂျပန်အစိုးရ၏ ရပ်တည်ချက်ကို နားလည်ကြောင်း၊ ပြီးခဲ့သော ဧပြီတွင် ဂျပန်အစိုးရထံ အကြောင်းပြန်ခဲ့ကြောင်း နီးစပ်သောသတင်းအရင်းမြစ်များက ပြောသည်။ ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခြင်းကို ဆန့်ကျင်မှုအဖြစ် မြန်မာနိုင်ငံအတွက် ခွင့်ပြုပေးထားသော ODA အမည်ရှိ ဖွံ့ဖြိုးတိုးတက်ရေး ကူညီထောက်ပံ့ပေးမှုအပြင် အခြား စီမံကိန်းများကို ပြန်လည် သုံးသပ်မှုများလုပ်ဆောင်နေကြောင်း လေ့လာသုံးသပ်သူများကပြောသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ မန္တလေးမြို့နှင့် ရန်ကုန်မြို့ကြား ချိတ်ဆက်မည့် အရှည် ၆၂၀ ကီလိုမီတာရှိ မီးရထားလမ်းအဆင့်မြင့်တင်ရေးစီမံကိန်းတွင် ပါဝင်ကူညီပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်နှင့်မန္တလေးမြို့ကြား ဆက်သွယ်ထားသော မီးရထားလမ်းများ၊တံတားများသည် သက်တမ်းရင့်ဟောင်းနွမ်းနေရာ ရထားများ မောင်းနှင်ရာတွင် အချိန်နှောင့်နေးခြင်းများ၊ လမ်းချော်ခြင်းများ ဖြစ်ပွားလျက်ရှိခဲ့ကြောင်း သိရသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှုစတင်ခဲ့ပြီးနောက်၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ဆောင်နိုင်ရန် ယန်းငွေများကို အတိုးဖြင့် ပြန်လည်ချေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါမီးရထားလမ်း ကွန်ရက်များ အဆင့်မြှင့်တင်ရန် ဖြစ်နိုင်ချေရှိသောလေ့လာမှုများကို ၂၀၁၃ ခုနှစ်တွင်စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် စီမံကိန်းကို စတင်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်နှင့်မန္တလေးမြို့ကြားချိတ်ဆက်မည့် မီးရထားလမ်းစီမံကိန်းတွင် မီးရထားလမ်းများပြန်လည်ပြင်ဆင်ခြင်း၊ အသစ်လုပ်ဆောင်ခြင်း၊ မီးရထားလမ်းကူးတံတားများအသစ်များလုပ်ဆောင်ခြင်းနှင့် မီးရထားအချက်ပြစနစ်များ လုပ်ဆောင်မည့်အစီအစဉ်များပါဝင်ကြောင်း သိရသည်။ ဂျပန်အစိုးရသည် အဆိုပါ စီမံကိန်းအတွက် မြန်မာအစိုးရကို အမေရိကန်ဒေါ်လာ ၁ ဘီလျံအတိုးဖြင့်ချေးပေးရန် ၂၀၂၀ ပြည့်နှစ်တွင် သဘောတူညီခဲ့ကြောင်း သိရသည်။ ဂျပန်အစိုးရသည် မီးရထားလမ်းစီမံကိန်းပြီးစီးမည့် ၂၀၂၄ ခုနှစ် အထိ စီမံကိန်းနှင့်ပတ်သက်ပြီး ငွေကြေးများကူညီထောက်ပံ့ပေးရန်အဆင့်သင့်ရှိနေခဲ့ကြောင်း သိရသည်။

သို့သော်လည်း ဂျပန်အစိုးရသည် ပြီးခဲ့သော နိုဝင်ဘာလတွင် အဆိုပါမီးရထားစီမံကိန်းနှင့်ပတ်သက်ပြီး ပါဝင်ကူညီမှုများကို အပြောင်းအလဲများ လုပ်ဆောင်သွားမည်ဖြစ်သလို စီမံကိန်း၏ အချို့အစိတ်အပိုင်းတွင်ပါဝင်မှုများကိုလည်း ဖျက်သိမ်းသွားရန်စဉ်းစားနေသည်ဟု အကြောင်းကြားခဲ့ကြောင်း နှစ်နိုင်ငံစလုံးနှင့်နီးစပ်သော သံတမန်အရင်းမြစ်များက ပြောသည်။

မြန်မာနိုင်ငံတွင်အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဂျပန်အစိုးရသည် မြန်မာနိုင်ငံအပေါ် ငွေကြေးများကို အတိုးဖြင့်ထပ်မံချေးမည့် ကိစ္စကို ဆိုင်းငံ့ခဲ့ကြောင်း သိရသည်။ ဂျပန်အစိုးရက ” မြန်မာနိုင်ငံကို အတိုးနဲ့ငွေကြေးတွေ ထပ်မံချေးဖို့ စဉ်းစားရတာတွေ ခက်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် ဂျပန်ယန်းငွေ တန်ဖိုးကျဆင်းခြင်း၊ မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေ ယိုယွင်းနေခြင်းနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကဲ့သို့သော အချို့အရာတွေကြောင့် မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ မီးရထားလမ်းစီမံကိန်းဟာ အချိန်နဲ့ငွေကြေး ပိုမိုအသုံးပြုရဖွယ်ရှိနေပါတယ်” ဟုပြောသည်။

Ref—asahi

Leave a Reply

Your email address will not be published. Required fields are marked *