MT News
Written by Min Mahar
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ Drink & Eat (Bar) စားသောက်ဆိုင်ကို မေလ ၂၇ ရက် ညဉ့်နက်ပိုင်းက “No More Dictatorship People Defence Force _ NMD” အဖွဲ့က လက်ပစ်ဗုံးတစ်လုံးပစ်ပေါက်ခဲ့သဖြင့် ဆိုင်လုံခြုံရေးဝန်ထမ်းတစ်ဦး ဗုံးစထိမှန်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၇ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ၈၇ လမ်းနှင့် ၈၈ လမ်းကြား၊ ၁၁ လမ်းပေါ်ရှိ Drink &Eat (Bar) စားသောက်ဆိုင်အား ၁၁ လမ်းအတိုင်း အနောက်မှအရှေ့သို့ CZI အမျိုးအစားဆိုင်ကယ်ဖြင့် အမည်မသိလူငယ် ၂ ဦးမောင်းနှင်လာပြီး ဆိုင်ကယ်ပေါ်မှ လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ကာ ထွက်ပြေးသွားခဲ့သည်။
အဆိုပါပစ်ဖောက်ခဲ့မှုကြောင့် စားသောက်ဆိုင်ရှေ့တွင်ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၂၃ နှစ်အရွယ် ဆိုင်လုံခြုံရေးအမျိုးသားတစ်ဦး ဝဲဘက်လက်ဖျံ ဗုံးစရှပ်ထိဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကာ အဆောက်အဦနှင့်ပစ္စည်းများထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
“ည တော်တော်နက်နေတဲ့အချိန် ဗုံးကွဲတာ။ အလုပ်ပင်ပန်းလို့အိပ်တောင်ပျော်နေပြီ ” အုံး” ဆိုတဲ့အသံကြီးကအကျယ်ကြီးမို့ လန့်တောင်နိုးသွားတာ။ အိမ်တွေပါတုန်ခါသွားတာ။ ညကနက်နေတော့အသံက အရမ်းကျယ်တာပဲ။ ခဏနေတော့ စစ်ကားနဲ့ရဲကားအသံတွေပါကြားတော့တာပဲ။ Drink &Eat Bar ကို ပစ်သွားတာတဲ့။ ဆိုင်ဝန်ထမ်းတစ်ဦးလည်း ဒဏ်ရာရတယ်လို့ကြားတယ်”ဟု ပေါက်ကွဲမှုဖြစ်ပွားသည့်အနီးတွင် နေထိုင်သည့်ဒေသခံတစ်ဦးက ဆိုသည်။
၎င်းဖောက်ခွဲတိုက်ခိုက်မှုကို ဒေသခံ PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့် “No More Dictatorship People Defence Force – NMD” အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်းနှင့် ထိုဆိုင်မှာ ရေပေါ်ဆီများ လာရောက်စားသောက်နေ၍ တိုက်ခိုက်လြင်းဖြစ်ကြောင်းလည်း ဝန်ခံထုတ်ပြန်ထားသည်။
