April 20, 2024

MT News

ဗန်းမော်ဆရာတော်၏ရုပ်ကလပ်တော်အား ဇွန်လ ၆ ရက်တွင် ချမ်းမြသာစည်လေဆိပ်ဟောင်းအတွင်း မီးပူဇော်သွားမည်ဖြစ်ပြီး မီးပူဇော်ရန် ပင့်ဆောင်ရာ လမ်းများတွင်လည်း လမ်းဘေးဝဲယာမှ ဖူးမြော်ကြည်ညိုနိုင်ပါကြောင်း အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီက နှိုးဆော်ထားသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ၂ဝ၂၃ ခုနှစ်၊ မေလ ၂၅ ရက်၊ (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်၌ ပူဇော်ထားရှိသဖြင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ လာရောက်ဖူးမြော်ကြည်ညိုနိုင်မည်ဖြစ်သည်။

ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားကို နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ ၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်၊ အင်္ဂါနေ့ ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ ၃၉ လမ်းမှ ၇၃ လမ်းအတိုင်း၊ ၇၃ လမ်းမှ ၃၈ လမ်းအတိုင်း၊ ၃၈ လမ်းမှ ၇၈ လမ်းအတိုင်း၊ ၇၈ လမ်းမှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ ပင့်ဆောင်သွားမည်ဖြစ်၍ လမ်းများတစ်လျှောက်တွင်လည်း လမ်းဘေးဝဲယာမှ နောက်ဆုံးဂါရဝ ဖူးမြော်ကြည်ညိုနိုင်မည်ဟု သိရသည်။

ထို့အတူ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အတွက် ရဟန်းရှင်လူပြည်သူများမှ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများအား ကိုယ်တိုင်ကိုယ်ကျလှူဒါန်းလိုပါက ဗန်းမော်ကျောင်းတိုက်ရှိ အလှူခံမဏ္ဍပ်တွင် လာရောက်လှူဒါန်းနိုင်ကြောင်းနှင့် ဒေါ်မော်လီစန်း – ဖုန်းနံပါတ်- ၀၉-၄၄၁၀၁၉၂၈၃ နှင့် ဦးစိုးမိုးသိမ်း – ဖုန်းနံပါတ်- ၀၉-၉၇၀၈၂၃၆၈၈ သို့လည်း ဆက်သွယ်လှူဒါန်းနိုင်သည်ဟု သိရသည်။

ဗန်းမော်ဆရာတော်ဘုရားကြီး၏ စျာပနအခမ်းအနားကို ဇွန်လ ၄ ရက်မှ ၆ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး ဇွန်လ ၄ ရက် ညနေ ၆ နာရီအချိန်တွင် တိပိဋကဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရနှင့် ဇွန်လ ၅ ရက်နေ့တွင် မစိုးရိမ်တိုက်သစ် ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ တို့မှနိဗ္ဗာန်ရောက်ကြောင်းတရား ဟောကြား ချီးမြှင့်မည် ဖြစ်သည်။

ထို့နောက် ဇွန်လ ၆ ရက်နေ့တွင် ဗန်းမော်ကျောင်းတိုက် ကမ္ဘောဇသာသနာ့ဗိမာန်၌ အန္တိမအဂ္ဂိ စျာပနအခမ်းအနားကို နေ့လည် ၂ နာရီအချိန်တွင် စတင်ကျင်းပမည်ဖြစ်ပြီး နေ့လည် ၃ နာရီတွင် ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းသို့ ပင့်ဆောင်မီးပူဇော်မည်ဖြစ်ကာ ကြွင်းရစ်သောအရိုးပြာတော်အား ဧရာဝတီမြစ်အတွင်းသို့ မြောစေမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *