MT News

Written by Nay Moe

မေလ ၂၇ ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ကယား(ကရင်နီ)တော်လှန်ရေး တပ်ပေါင်းစု (KRU) ဆေးတပ်ဖွဲ့မှ ရဲဘော်အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦး ကျခဲ့သည်ဟု KRU က ယခုထုတ်ပြန်သည်။

ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစုအနေဖြင့် ကျရှုံးခဲ့သည့် Medic Unit (Demoso) ဆေးတပ်ဖွဲ့ မှ ရဲဘော်၊ ရဲမေ ၄ ဦး အတွက် မေလ ၂၈ ရက်တွင် နာရေး အခမ်းအနား ပြုလုပ်ပေးခဲ့သည်ဟု သိရသည်။

သေဆုံးခဲ့သူလေးဦးတွင် အသက် ၁၇ နှစ်အရွယ် ကာရိုလင်းခိုင်လင်း(Caroline Khine Lin) ဆိုသူ အမျိုးသမီးငယ်ပါဝင်ခဲ့ပြီး ကျန်သူများအမည်နှင့် မည်သည့်အတွက်ကြောင့် သေဆုံးသည်ကိုမူ ထုတ်ပြန်ဖြေဆိုမှု မရှိချေ။

မေလ ၂၇ ရက်က မိုးဗြဲမြို့တွင် လခရစစ်ကြောင်းများနှင့် မဟာမိတ်အဖွဲ့တို့ ထိတွေ့မှုအနည်းငယ် ဖြစ်ပွားခဲ့ရာ လေယာဥ်ဖြင့် ၈ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့သလို နှစ်ဖက်တိုက်ပွဲများအကြား ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူလေးဦးထိခိုက်ကာ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အများအပြား ပျက်စီးခဲ့သည်။ အလားတူ မေ ၂၈ ရက် နံနက် ၄ နာရီခွဲတွင်လည်း ပစ်ခတ်မှုဆက်လက်ဖြစ်ပွားရာ နှစ်ဖက်တိုက်ပွဲများအကြား ပြည်သူလေးဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟုလည်း PDF အဖွဲ့များက ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *