April 20, 2024

၂၉. ၅. ၂၀၂၃
Written by Nay Moe

နစက၏ အစိုးရကျောင်းများတွင် အတန်းမတက်သော ကျောင်းသားများကို အခကြေးငွေရယူ၍ အတန်းတင်ပေးခြင်းအပါအဝင် ငွေကြေးတောင်းခံနေသော ကျောင်းများရှိနေပြီး ထိုကျောင်းများအနက် ၁၇ ကျောင်းစာရင်းကို NUG ၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ထိုသို့ ငွေကြေးတောင်းခံအဂတိပြုသည့် ကျောင်းများစာရင်းကိုလည်း NUG ထံ ပေးပို့နိုင်ကြောင်း ထုတ်ပြန်ထားသည်။

NUG က ထုတ်ပြန်ထားသည့် ထိုကျောင်း ၁၇ ကျောင်းမှာ အတန်းကျော်တက်ခြင်းနှင့် ကျောင်းအပ်ခွင့်ရရှိရေးအတွက် အကျင့်ပျက်ခြစားမှုများ ကျုးလွန်နေသည်ဟုလည်း စွပ်စွဲထားပြီး ထိုကျောင်းများ၌ မန္တလေးမြို့ရှိ ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ကျောင်းအပ်ခ ကျပ် ၂ သိန်း၊ ၃ သိန်းကောက်ခံကြောင်း၊ အထက (၂) မုံရွာတွင် TC ထုတ်ပေးခ ကျပ် ၂ သိန်းတောင်းခံကြောင်း ဖော်ပြထားသည်။ သို့သော် အမရပူရမဟာဂန္ဓာရုံ (ဘက) အထက်တန်းကျောင်းနှင့် ချမ်းမြသာစည်မြို့နယ်ရှိ မြတ်ရတနာ (ဘက)၊ ချမ်းမြသာစည်၊ မန္တလေးကျောင်းတို့မှာ အတန်းကျော်တက်ခွင့်ပေးခြင်း၊ ငွေတောင်းခံခြင်းများ မရှိဘဲ စာရင်းဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ပြင် အထက (၂) သန်လျင်မှာ KG ကျောင်းဝင်ခွင့် ကျပ် ၃ သိန်း ပေးရကြောင်း၊ စစ်ကိုင်းမြို့ရှိ IBEC (ဘက) ကျောင်းမှာ TC ထုတ်ပေးခ ကျပ် ၁ သိန်း၊ ကျောင်းမတက်ဘဲ အတန်းကျော်ပေးခြင်း ကျပ် ၅ သိန်း၊ ကျောင်းစာရင်းသွင်းပေးခြင်းအတွက် မူလတန်းအဆင့် ကျပ် ၁ သိန်း၊ အလယ်တန်းအဆင့် ကျပ် ၁ သိန်း ၅ သောင်းနှင့် အထက်တန်းအဆင့်အတွက် ကျပ် ၃ သိန်း ပေးသွင်းရကြောင်း၊ မရမ်းကုန်းမြို့နယ် အမက (၁၇) မှာ ကျောင်းအပ်ခ ကျပ် ၅ သိန်း တောင်းခံနေကြောင်း ရန်ကုန် ကမာရွတ်မြို့နယ်ရှိ TTC မှာ ကျောင်းဝင်ခွင့်/ကျောင်းအပ်ခ ကျပ် သိန်း ၃၀ တောင်းခံနေကြောင်း ဖော်ပြထားသည်။

ထို့အတူ စမ်းချောင်းမြို့နယ် အထက (၂) မှာ နယ်မြေကျော်ကျောင်းအပ်ခွင့် ကျပ် ၁၆ သိန်း၊ နယ်မြေအတွင်းကျောင်းအပ်ခွင့် ကျပ် ၁၀ သိန်း တောင်းခံနေသလို အထက (၃) မုံရွာမှာလည်း TC ထုတ်ပေးခ ကျပ် ၂ သိန်း တောင်းခံနေသည်ဟု ဖော်ပြထားသည်။

အထက်ပါကျောင်းများအပြင် သန်လျင်မြို့ ဗိုလ်ချုပ် (၂) ရှိ မူလတန်းလွန်ကျောင်းမှာ ကျောင်းမတက်ဘဲ အတန်းတင်ပေးခြင်းကို ကျပ် ၅ သိန်းဖြင့် ဆောင်ရွက်နေကာ အမက (၁၄) လှိုင်မှလည်း ကျောင်းဝင်ခွင့် ကျပ် ၅ သောင်း တောင်းခံကြောင်း၊ မန္တလေး အထက (၁၆)မှာ ကျောင်းအပ်ခ ကျပ် ၁ သိန်း တောင်းခံကြောင်း၊ အထက (၃) သန်လျင် မှာ G 11 အတန်းကျော်ဝင်ခွင့်အတွက် ကျပ် ၉ သိန်းတောင်းခံနေကြောင်း၊ ဆိပ်ဖြူပညာရေးမှူးရုံးမှာ ကျောင်းအပ်ခွင့်ပြုခြင်းအတွက် ကျပ် ၂ သိန်းတောင်းခံကြောင်း၊ အလက (၄) ရန်ကင်းမှာ KG ကျောင်းဝင်ခွင့် ၃ သောင်း တောင်းခံနေကြောင်း၊ အမရပူရမြို့နယ်ရှိ အလက(ခွဲ) အိုးတော်မှာလည်း ကျောင်းမတက်ဘဲ အတန်းကျော်ပေးခြင်း ကျပ် ၁၅၀၀၀၀ တောင်းခံနေကြောင်း စသည်ဖြင့် ဖော်ပြထားသည်။

MT News သတင်းဌာနအနေဖြင့် အဆိုပါ ကျောင်း ၁၇ ကျောင်းနှင့် ပတ်သက်၍ NUG ၏ ပညာရေးဝန်ကြီးဌာနက ဖော်ပြထားသလို အမှန်တကယ်လာဘ်စားခြင်း၊ ငွေကြေးရယူ၍ အတန်းကျော်တက်ခွင့်ပြုခြင်းများ ရှိမရှိ ဆက်သွယ်စိစစ်နေပြီး ထိုဖော်ပြမှုများ မှန် မမှန် အတည်ပြုနိုင်ပါက သတင်းဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

မိဘများအနေဖြင့် ကျောင်းအပ်ခြင်း၊ ကျောင်းပြောင်းခြင်းများအပေါ်  ငွေတောင်းခံမှုကို အထူးတလည်ထုတ်ဖော်ပြောလိုမှုမရှိသော်လည်း NUG၊ PDF နှင့် NLD ပါတီထောက်ခံသူများက ကျောင်းတက်သူကလေးငယ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းများကို ဗုံးခွဲခြင်း၊ သ-တ်ဖြတ်ခြင်း၊ မီးရှို့ခြင်း၊ ဆဲဆို Boycott လုပ်ခြင်း၊ CDM မလုပ်ပါက Social Punishment လုပ်ခြင်းများကို ခေါင်းငုံ့ခံ၍ ကျောင်းတက်ပြီးချိန်တွင်မှ ထိုသို့သော NUG၊ PDF နှင့် NLD ထောက်ခံသူတို့၏ မိသားစုများက ယင်းတို့၏ သားသမီးများကို အစိုးရကျောင်းများတွင် ငွေကြေးပေးကာ အတန်းကျော်တက်ခွင့်ပြုခြင်းကိုမူ မနှစ်မြို့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *