MT News

Written by Min Mahar

ပြည်ကြီးတံခွန်မြို့နယ်ရှိ ပြည်တွင်းအခွန်ရုံးကို မေလ ၂၇ ရက် ညနေပိုင်းက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံရကာ အနီး၌ရှိသောမော်တော်ကားတစ်စီးထိမှန်သွားပြီး ထိုတိုက်ခိုက်မှုကို မန္တလေးအခြေစိုက် “No More Dictatorship People Defence Force – NMD” အဖွဲ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ၇၈ လမ်းအရှေ့ဘက်၊ ၇၅(ဒီ)လမ်းနှင့် မြဝတီမင်းကြီး (၁)လမ်းကြားရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာန (ပြည်ကြီးတံခွန်မြို့နယ်)ရုံးအား မေလ ၂၇ ရက် ညနေ ၆ နာရီ ၁၀ မိနစ်ခန့်က ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိလူငယ် ၂ ဦး ရောက်ရှိလာကာ လက်ပစ်ဗုံးတစ်လုံးဖြင့်ပစ်ပေါက်ခဲ့ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါပစ်ပေါက်ခဲ့သည့် ဗုံးမှာ ရုံးရှေ့သို့ ကျရောက်ကာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူနှင့်အဆောက်အဦ ထိခိုက်မှုမရှိခဲ့သော်လည်း ရုံးရှေ့အနီးတွင်ရပ်ထားသော ပြည်သူတစ်ဦး၏ ALPHARD အနက်ရောင်ယာဉ်အား ထိမှန်ကာ ရှေ့မှန်မိုင်းစထိမှန်မှု၊ ယာဘက်နောက်မှန်ကိုလည်း မိုင်းစထိမှန်မှုနှင့် ယာဘက်ခြမ်းအနည်းငယ်ကိုလည်း မိုင်းစထိမှန်သွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပေါက်ကွဲအောင်လုပ်ဆောင်မှုကို “No More Dictatorship People Defence Force – NMD”(ဒေသခံ PDF ) အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်သည်ဟု ထုတ်ပြန်ပြောဆိုထားပြီး ပြည်သူတစ်ဦးယာဥ်ထိခိုက်မှုကိုလည်း စိတ်မကောင်းဟု ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *