April 26, 2024

၂၇. ၅. ၂၀၂၃
Written by Nyein Kyaw

ပြည်တွင်း၌ ဒေါ်လာနှင့် ရွှေဈေးနှုန်းများ မြင့်တက်နေချိန် ပြင်ပရွှေဈေးကွက်အတွင်း ရွှေကုန်သည်များအကြား ကျပ်သိန်း ၇၅,၀၀၀ ကျော်တန်ဖိုးအထိ ရွှေလိမ်လည်မှုဖြစ်ပွားခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ သိရသည်။

ရွှေကုန်သည်လက်ကြီးသမားက ရွှေရောင်းမည်ဟုဆိုကာ ငွေအရင်ယူပြေးကာ လိမ်လည်သွားခြင်းဖြစ်ပြီး ကုန်သည်အချို့ထံမှ တစ်ယောက်ကို ရွှေအပိုင်း ၂၀ မှ ရွှေအပိုင်း ၃၀ ခန့်တန်ဖိုးအထိ ပါသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ သတင်းထုတ်ပြန်ဖို့ မရှိသေးပါဘူး။ ဒါက ပြင်ပမှာဖြစ်သွားတာပါ” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

ဗဟိုဘဏ်က ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၂,၁၀၀ သတ်မှတ်ထားသော်လည်း ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေးကစားသူအချို့ကြောင့် မေလ ၂၆ ရက်တွင် တစ်ဒေါ်လာ ကျပ် ၂,၉၆၀ အထိမြင့်တက်မှုများရှိခဲ့သည်။

ယင်းကဲ့သို့ ဒေါ်လာဈေး မတည်ငြိမ်မှုများအပေါ် စိုးရိမ်စိတ်များကြောင့် ပြည်တွင်းရွှေဈေးကွက်၌ ယခုရက်ပိုင်းတွင် ရွှေဝယ်လိုအားများမြင့်တက်ခဲ့ပြီး မေလ ၂၆ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၁ သိန်းနီးပါးအထိ မြင့်တက်ခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ သိရသည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် မေလ ၂၂ ရက်တွင် ရွှေဈေးနှုန်း ၃,၀၂၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၈ ကျပ်၊ မေလ ၂၃ ရက်တွင် ရွှေဈေးနှုန်း ၃,၀၂၃,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၈၀ ကျပ်၊ မေလ ၂၄ ရက်တွင် ရွှေဈေးနှုန်း ၃,၀၄၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၈၅ ကျပ်၊ မေလ ၂၅ ရက်တွင် ရွှေဈေးနှုန်း ၃,၀၆၉,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၁၅ ကျပ်၊ မေလ ၂၆ ရက်တွင် ရွှေဈေးနှုန်း ၃,၀၉၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၉၆၀ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News