March 28, 2024

၂၆. ၅. ၂၀၂၃
Written by Thettant

ညာဘက်လက်မောင်း ပြတ်တောက်သွားသော အသက် ၃ နှစ်အရွယ် ကလေးငယ်၏ လက်အား ရန်ကုန်ဆေးရုံကြီးတွင် ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှု အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် နေထိုင်သည့် အသက်(၃)နှစ်အရွယ် မိန်းကလေးသည် မတ် ၂၀ ရက် နံနက် ၉ နာရီတွင် မိဘများနှင့် ဆိုင်ကယ်စီးလာရာ မျက်နှာချင်းဆိုင်မှ ထော်လာဂျီနှင့် တိုက်မိသောကြောင့် ညာဘက်လက်မောင်း ပြတ်တောက်သွားသည့်ဒဏ်ရာ (Amputated Right Arm) ဖြင့် ပြည်သူ့ဆေးရုံ အောင်လံမြို့မှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ယင်းနေ့ညနေ ၄ နာရီတွင် ရောက်ရှိလာခဲ့ရာ အဆိုပါ ကလေးငယ်၏ ပြတ်တောက်သွားသော လက်ကို ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုကို  ညနေ ၅ နာရီမှ စတင်ခဲ့ပြီး ည ၁၀ နာရီ မိနစ် ၂၀ တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လူနာရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် အရေးပေါ် ကုသမှုဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများမှ အရေးပေါ်ပြုစုကုသမှုများ ပြုလုပ်ပြီး လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းကို အချိန်နှင့်တစ်ပြေးညီ ပြုလုပ်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး (လက်ပိုင်းဆိုင်ရာခွဲစိတ်) ဒေါက်တာတင်ထွန်းအောင်နှင့် အထူးကုဆရာဝန် (လက်ပိုင်းဆိုင်ရာခွဲစိတ်) ဒေါက်တာ ဖြိုးမောင်မောင်တို့ ဦးဆောင်သည့် လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုအဖွဲ့၊ ပါမောက္ခ/ ဌာနမှူး(မေ့ဆေး) ပါမောက္ခဒေါက်တာမူမူနိုင်၊ ပါမောက္ခ ဒေါက်တာမြစိုးတို့ ဦးဆောင်သည့် မေ့ဆေးအထူးကု ဆရာဝန်ကြီးများအဖွဲ့နှင့် သူနာပြုကြီး ဒေါ်အေးအေးခိုင်တို့ ပါဝင်သောသူနာပြုများအဖွဲ့တို့ ပူးပေါင်း၍ ပြတ်တောက်သွားသော လက်အား ပြန်လည်ဆက်ခြင်း (Replantation) ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။  

အဆိုပါလူနာသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ မှတ်တမ်းများအရ အသက်အငယ်ဆုံး လက်မောင်းပြန်ဆက်သည့် လူနာဖြစ်ပြီး၊ လက်မှာ ခွဲစိတ်ပြီးချိန်မှစတင်၍ သွေးကြောများ ဖြည်းဖြည်းချင်း ပြန်လည်လှည့်ပတ် စီးဆင်းလာပြီဖြစ်သဖြင့် ပြန်လည်သန်စွမ်းရေး အဆောင်သို့ပြသကာ လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ပြီး ဧပြီ ၂၄ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။ မေ ၁၀ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြန်လည်တက်ရောက်စေ၍ မေ ၁၆ ရက်တွင် နောက်ဆက်တွဲကုသမှုဖြစ်သည့် ပြတ်တောက်သွားသော အာရုံကြောများဆက်ခြင်း (Sural Nerve Graft) ခွဲစိတ်ကုသမှုကို ဆောင်ရွက်နိုင်ခဲ့ကာ လေ့ကျင့်ခန်း ဆက်လက်ပြုလုပ်လျက်ရှိပြီး ကလေးငယ်၏ လက်အခြေအနေ ကောင်းမွန်လျက်ရှိသည်။

ထိုလက်ပြတ်တောက်သွားသည့် လူနာကဲ့သို့ ပြတ်တောက်သွားသောလက်ကို ခွဲစိတ်ကုသမှု ဆောင်ရွက်ရန်အတွက် ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းပေးပို့မည်ဆိုပါက ပြတ်တောက်သွားသောလက်အား ရေသန့်သန့် သို့မဟုတ် အကြောဆေးရည် (Normal Saline or Ringer Lactate) ဖြင့် ဆေးပြီးနောက် အကြောဆေးရည်ဖြင့် စိုစွတ်အောင် စိမ်ထားသော ခွဲစိတ်ခန်းသုံး အဝတ်စ(Gauze)ဖြင့်ပတ်၍ သန့်ရှင်းသော ပလတ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍ လည်းကောင်း၊ အကြောဆေးရည် ထည့်ထားသော သန့်ရှင်းသော ပလတ်စတစ်အိတ် သို့​မဟုတ် ဘူးထဲသို့ထည့်၍ လည်းကောင်း လုံခြုံစွာပိတ်ပြီး ရေခဲထည့်ထားသော ရေခဲပုံးအတွင်းထည့်၍ အမြန်ဆုံးလွှဲပြောင်း ပေးပို့နိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News