April 25, 2024

၂၆. ၅. ၂၀၂၃
Written By Thandar

မိုခါမုန်တိုင်းသင့် ပြည်သူတွေ ကူညီထောက်ပံ့ဖို့ ရန်ပုံငွေ ပဒေသာကပွဲအစီအစဥ်မှာ နေတိုး၊ မင်းသားဖိုးချစ်၊ ကိုင်ဇာ၊ မိုးဟေကိုတို့အပါအဝင် နာမည်ကြီးအနုပညာရှင် အယောက် ၄၀ ကျော်နဲ့ ကပြဖျော်ဖြေတင်ဆက်သွားမယ်လို့ သိရပါတယ်။

အဆိုပါ ရန်ပုံငွေအစည်းအဝေးပွဲကို ယနေ့ မေလ ၂၆ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(ဗဟို) မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

“ရုပ်ရှင် ဂီတ သဘင် ဟာသလူရွှင်တော်အဖွဲ့တွေ ရခိုင်လေးဝတီလည်း ပေါင်းစည်းပြီး အစည်းအဝေး လုပ်ကြတာပါ။ ဇာတ်သဘင်တော့ ကိုဖိုးချစ်နဲ့ မပတ္တမြားကေခိုင်တို့ ဦးဆောင်မယ်။ ဘုရားကန်တော့ခန်းဖွင့် စည်းရုံးလျှက်ရှိတဲ့ သီချင်းဆိုမယ်။ ရခိုင်အဖွဲ့ကလည်း ရခိုင်စည်တော်နဲ့ အလှအပဖွဲ့ချင်လို့ စီစဥ်တင်ဆက်မယ်။ စောမဲကြည်မြစ်အကြောင်း ပြဇာတ်ထဲ ထည့်ကမယ်။ ဂီတအဖွဲ့က မြန်မာအသံတီးဝိုင်းပြီး စတူဒီယိုအဆိုတော်ဖြစ်တဲ့ ကိုင်ဇာ ဝင်ဆိုမယ်။ ရုပ်ရှင်ဘက်ကလည်း ပြဇာတ်တွေ ကကြမှာပါ။ မင်းသမီး နာမည်ကြီးတွေလည်း ပါဝင်မယ်။ မိုးဟေကို၊ ခင်ဝင့်ဝါ၊ မစိုးကြီး၊ မဆင့်တို့ပါမယ်။ဒါရိုက်တာ မောင်မျိုးမင်းနဲ့ နှင်းဆီအဖွဲ့တွေက နေတိုး၊ ကျော် ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်းတို့ ကပြတင်ဆက်မှာပါ။ ပွဲကတော့ သူ့ဟာနဲ့သူ အကောင်းဆုံး တင်ဆက်ကပြမှာပါ။ ခန့်မှန်း အယောက် ၄၀ ကျော် ၅၀ နီးပါးပါဝင်မှာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက နာယကကြီးဦးအောင် လွင်က MT News ကို ပြောပါတယ်။

“ကူညီပေးပါ ပြဇာတ်”မှာ သရုပ်ဆောင်အနေနဲ့ ပါဝင်ပေးမယ့် အနုပညာရှင်တွေကတော့  ဒါရိုက်တာ ဒီမေးလွင်၊ နေထက်လင်း၊ ယွန်းရွှေရည်၊ ဒါရိုက်တာ ညိုမင်းလွင်၊ ဒါရိုက်တာဇော်မြင့်ဦး၊ ထူးခန့်ကျော်၊ သုတအောင်၊ ညီနန္ဒ၊ အောင်ခိုင်၊ ဒါရိုက်တာ အောင်သြဘာ၊ ညီထွဋ်ခေါင်၊ ခင်ဝင့်ဝါ၊ ရဲလေးမ ၊ ဒါရိုက်တာ ကျော်သားကြီး၊ ကျော်ကျော်၊ စိုးမြတ်သူဇာ၊ ဖြိုးငွေစိုး၊ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်၊ အောင်ရဲလင်း၊ မိုးဟေကို၊ ရတနာမိုင်၊ ဆုမြတ်နိုးဦး၊ လူကြမ်းသရုပ်ဆောင်တွေ ၊ အသိပညာရှင် အတတ်ရှင်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒီရန်ပုံငွေပွဲကို ဇွန်လ ၂ ရက်ကနေ ဇွန်လ ၄ ရက်အထိ ညနေ ၆ နာရီအချိန် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ကျင်းပမှာဖြစ်ပြီး ဒီ ရန်ပုံငွေပဒေသာကပွဲမှာ သဘင်အစည်းအရုံးက ဘုရားကန်တော့ခန်း၊ အပျိုတော် ဘုရားကန်တော့နဲ့ စတင်ပြီး ဦးသန်းမောင်ရဲ့ (ရခိုင်အဖွဲ့အစည်း)က ရခိုင်စည်တော် ဖျော်ဖြေတာ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်၊ သဘင်၊ ဂီတ စုပေါင်းပြီး တေးသီချင်းသီဆိုမှာဖြစ်ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံဂီတအစည်းအရုံးက ဂီတပညာရှင်များအဆိုပိုင်းမှာ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်း၂ ပုဒ် သီဆိုကြမှာဖြစ်ပြီး ဟာသပညာရှင်များအစည်းအရုံးက ဟာသလူရွှင်တော် တစ်ခန်းရပ်ပြဇာတ်၊ ဦးသန်းမောင် (ရခိုင်အဖွဲ့အစည်း)က ပတ္တမြားဒေဝီ စောမဲကြည် (ရခိုင်သီချင်း) ၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးက သဘင်ပြကွက်၊ ကိုမြင့်(သမန်းကျား) က တေးသရုပ်ဖော်၊ ဒါရိုက်တာညိုမင်းလွင် က ပြဇာတ်တင်ဆက်မှု ၊ ရုပ်ရှင်ဇာတ်ဝင်တေးအဆို ၊ ရခိုင်သီချင်း ဖျော်ဖြေမှု (ဗျာလသီချင်း) ၊ ဟာသပညာရှင်တစ်ခန်းရပ်ပြဇာတ်၊ ဒါရိုက်တာညွန့်မြန်မာညီညီအောင် ပြဇာတ်၊ ဒါရိုက်တာမိုးဦး ပြဇာတ်အရှည်၊ ဒါရိုက်တာကိုမျိုးမင်း တစ်ခန်းရပ်ပြဇာတ်၊ သဘင်နှစ်ပါးသွား အရှည်စတာတွေနဲ့ တင်ဆက်ဖျော်ဖြေကြမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *