၂၇. ၅. ၂၀၂၃

Written by Nay Aung

မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများလက်ထဲတွင်ဖမ်းဆီးခံထားရသော အင်ဒိုနီးရှားနိုင်ငံသား ၂၀ ကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး မေလ ၂၆ ရက် နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ Tangerang မြို့လေဆိပ်ကို ပြန်လည်ရောက်ရှိလာခဲ့ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ထုတ်ဖော်ပြောဆိုလိုက်သည်။

ပြန်လည်လွတ်မြောက်လာသော အင်ဒိုနီးရှားနိုင်ငံသားများသည် ဖိလစ်ပိုင်နိုင်ငံမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လာခဲ့ပြီး လေယာဉ် ၅ နာရီကြာနှောင့်နှေးမှုကြောင့် မေလ ၂၆ ရက် နံနက် ၂ နာရီတွင် Tangerang မြို့ လေဆိပ်ကိုရောက်ရှိခဲ့ပြီး အိမ်သို့ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိရန် ပို့ဆောင်ပေးမည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

လူကုန်ကူးဂိုဏ်းများလက်ထဲမှ ပြန်လည်ကယ်တင်ထုတ်ခဲ့သော အင်ဒိုနီးရှားနိုင်ငံသား ၅ ဦးကို မိခင်နိုင်ငံသို့ မပြန်ခင် ဘန်ကောက်မြို့ရှိ အင်ဒိုနီးရှားသံရုံးတွင် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ မြဝတီမြို့ရှိ လူကုန်ကူးဂိုဏ်းများလက်ထဲတွင် ဖမ်းဆီးခံထားရသော အင်ဒိုနိးရှားနိုင်ငံသား ဒါဇင်ချီကို ပြန်ကယ်ထုတ်နိုင်ခဲ့ကြောင်း မကြာသေးမီက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါအင်ဒိုနီးရှားနိုင်ငံသားများသည် အွန်လိုင်းမှတစ်ဆင့် အလုပ်အကိုင်အခွင့်လမ်းကောင်းများရရှိမည်ဟု မက်လုံးပေးစည်းရုံးခံရပြီးနောက် မြန်မာနိုင်ငံ မြဝတီမြို့သို့ ပို့ဆောင်ခံခဲ့ရကြောင်း ၎င်းတို့သည် မြန်မာလူကုန်ကူးဂိုဏ်းများ၏လက်ထဲတွင် ရှိနေချိန်အတွင်း အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ၊ လောင်းကစားများကို အဓိကထား လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုသည် မကြာသေးမီက ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင် ဒေသအတွင်း လူကုန်ကူးခံရမှုများ မြင့်တက်နေခြင်းကို နိုင်ငံများ ဝိုင်းဝန်းတိုက်ဖျက်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှား နိုင်ငံသားများအပြင် မလေးရှား၊ ဖိလစ်ပိုင်၊အိန္ဒိယ၊ တရုတ် အစရှိသော နိုင်ငံအချို့၏ နိုင်ငံသားများသည် မြန်မာနိုင်ငံ မြဝတီမြို့ရှိ လူကုန်ကူးဂိုဏ်းများ၏ လက်ထဲတွင်ဖမ်းဆီးခံရပြီးနောက် သက်ဆိုင်ရာနိုင်ငံများက ပြန်လည်ကယ်ထုတ်မှုများလုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

Ref——-jakartaglobe

Leave a Reply

Your email address will not be published. Required fields are marked *